Sunday, April 4, 2010

“ လွမ်းမိသော... ”

ကျွန်မ စာမရေးဖြစ်တာ တော်တော်လေးကြာသွားတယ် မရေးဖြစ်ရခြင်းရဲ့
အဓိက အကြောင်းကတော့ ကျွန်မရဲ့စကားအတိုင်း “ပျင်းလို့ ပါ”။ နောက်ပြီး
ခံစားချက်မပေါ်တာရယ် အကြောင်းရာ မတိုက်ဆိုင် တာရယ်ကြောင့်
စာမရေးဖြစ်ခြင်း ဖြစ်ပါတယ်။ ဒီနေ့ ကတော့ တိုက်ဆိုင်မှု့တွေ မများပါပဲနဲ့ 
စာအရမ်းရေးချင်လာလို့  ခံစားချက်တွေကို ရေးဖြစ်ခြင်းဖြစ်ပါတယ်။ ဒီနေ့ 
ကတော့ ကျွန်မနေထိုင်ရာ အရပ်ဒေသမှာ မိုးအေးသာယာတဲ့ တနင်္ဂနွေ နေ့ 
ဖြစ်ပါတယ်။ မနက် ၁၀ နာရီလောက်ထိ မိုးတွေရွာနေလေရဲ့လေ။
နေ့ လည်လောက်မှာတော့ မိုးကလုံးဝတိတ်သွားပြီး နေလည်းမပူပဲ
ချမ်းချမ်းအေးအေး လေးနဲ့ အတော်နေလို့ ကောင်းတဲ့ မိုးနေ့ လေးပါ။ ဒီပိုစ့်
(ခံစားချက်)ကို ရေးဖို့ စိတ်ကူးနေတာတော့ တပတ်လောက်ရှိပါပြီ။ အကြောင်းအရာ
ကတော့ အထွေအထူး မဟုတ်ပါဘူး။ အားနွဲ့ တဲ့ မိန်းမတစ်ယောက်ရဲ့
အိမ်ကိုလွမ်းတဲ့ရိုးရှင်းတဲ့ ခံစားချက်ပါ။ အထူးအဆန်းတော့ သိပ်မရှိဘူးပေါ့လေ။
ပထမ တော့ ရိုးရိုးပဲ အိမ်ကိုလွမ်းတယ်။ နောက်တော့ အိမ်ကလူအားလုံးကို
လွမ်းတယ်ပေါ့။ ပြီးတော့ တစ်ယောက်ချင်းစီရဲ့ အကြောင်းကို စဉ်းစားမိပြီး ပိုလွမ်းသွားတယ်။


“အဖေ”

မိသားစု ကိုအရမ်းချစ်တဲ့ ကျွန်မအဖေပါ။ အဖေက အမေ့ကိုတော်တော်လေး
ချစ်တယ်။ အကိုနဲ့  ကျွန်မ ဆိုရင် ကျွန်မကို ပိုချစ်မယ်ထင်ပါတယ်
(ကျွန်မလောဘ ကြီးတာထင်ပါရဲ့)။ ကျွန်မ အဖေက စိတ်ပျော့တယ်
စိတ်ပျော့တယ်ဆိုတာ အဖေကမျက်ရည် လွယ်တာကိုပြောတာပါ။ ဥပမာ -
ကိုရီးယားရုပ်ရှင် ထဲမှာ မိသားစု ဝမ်းနည်းခန်း ရောက်ရင် ကျွန်မအဖေ
အရင်ဆုံး မျက်ရည်ကျပါတယ်။ မြန်မာရုပ်ရှင် ဇတ်လမ်းကြည့်ရင်လည်း
မိဘမေတ္တာ အကြောင်းပါတဲ့ ရုပ်ရှင်တွေဆို အဖေငိုတက်ပါတယ်။ တခါကတော့
ကျွန်မတတိယနှစ် ပထမပိုင်း စာမေးပွဲဖြေပြီးအိမ်ပြန်တုန်းက အဖေက
ကျွန်မကိုတအားလွမ်းလို့ တဲ့ ကျွန်မကို ကြည့်ပြီး အဖေမျက်ရည်ကျပါတယ်။
အဖေက ကျွန်မတို့ မောင်နှမတွေ ကိုတခါမှ မရိုက်ဖူးဘူး။ ကျွန်မက အကို့ ကို
အဖေမရိုက်ဖူးတဲ့ အကြောင်းကြုံလို့ ပြောပြတော့ သူငယ်ငယ်တုန်းကတော့ အဖေ
ကသူ့ ကို သူငယ်ချင်းတွေနဲ့  ငါးသွားဖမ်းလို့ တခါရိုက်ဖူးတယ်တဲ့။ အဖေက
မိသားစုနဲ့  မိတ်ဆွေယှဉ်ရင် မိတ်ဆွေကို ပိုပြီးဦးစားပေးပါတယ်။ တခါက
သင်္ကြန်မှာ ကျွန်မအကို အိမ်ကိုခဏပြန်လာတုန်းက တနေ့ ကျွန်မတို့ မိသားစု
ထမင်းစားခါနီး အဖေ့သူငယ်ချင်း ကအဖေ့ကို လာခေါ်ပါတယ်။ ကျွန်မအကိုက
ထိုဦးလေး ကြီးကို လုံးဝကြည့်လို့ မရပါ။ ဒါနဲ့ အကိုကထိုဦးလေးအရှေ့မှာ
အဖေ့ကိုဘာပြောလဲဆိုတော့ “အဖေ ကျွန်တော်က ၂ နှစ်လောက်
နေမှ တခါအဖေတို့ ဆီပြန်လာရတာပါ ခဏနေရင် ထမင်းစားရတော့မှာဆိုတော့
အဖေဒီဦးလေးနဲ့  မလိုက် သွားပါနဲ့  အဖေကျွန်တော့ကို ချစ်ရင်မလိုက်သွားပါနဲ့ ”
အကိုကအဖေ့ကို အဲ့ဒီလို ပြောနေချိန်မှာ အမေနဲ့  ကျွန်မကတော့ ပွဲကြည့်ပရိတ်
သတ်ပါ။ အကိုက ကျွန်မတို့ တွေနဲ့  သိပ်မနေရတော့ အဖေရဲ့စိတ်ကို သိပ်နား
မလည်ဘူးထင်ပါရဲ့။ အမေနဲ့  ကျွန်မကတော့ အကိုရှုံးမယ်ဆိုတာ အစထဲက
သိပြီးသားပါ။ ဒါနဲ့ အဖေက “သားရယ် အဖေခဏပဲ လိုက်သွားမှာပါ ခုချက်ခြင်း
ပြန်လာမယ် ထမင်းစားအမှီ ပြန်လာမှာပါ ခဏပါပဲ” လို့ အဖေက ပြောပေမယ့်
ကျွန်မအကိုကတော့ “ဟင့်အင်း” ချည်းပဲ တင်းခံနေတာလေ။ တော်တော်ဆိုး
တဲ့ကျွန်မအကိုပါ။ (အဲ့ဒီတုန်းက ကျွန်မအကို အသက် ၂၆ နှစ်ရှိပါပြီ) ဒါနဲ.
ကျွန်မက “ကိုကြီး အဖေ့ကိုအလျော့ပေးလိုက်ပါ အကိုလည်းစိတ်လျော့လိုက်ပါ
မဟုတ်ရင် အကိုပဲတအားစိတ်မကောင်း ဖြစ်သွားရလိမ့်မယ်လို့ ” ဝင်ပြောရတယ်။
ထိုဦးလေးကလည်း အားနာပြီး အဖေ့ကိုမလိုက်တော့ဖို့ ပြောပါတယ်။ ဒါပေမယ့်
အဖေအဲ့ဒီ့ဦးလေးကြီး နောက်လိုက်သွားပါတယ်။ ထမင်းစား အမှီလည်း
အဖေပြန်လာပါတယ်။ ဒါပေမယ့် ကျွန်မအကိုကတော့ တော်တော်စိတ်မကောင်း
ဖြစ်သွားပါတယ်။ အဖေလည်း စိတ်မကောင်းဖြစ်သွားမယ် ထင်ပါတယ်။
ကျွန်မအကိုကတော့ ဒီကိစ္စ ကိုခုထိ မေ့လို့ မရသေးဘူး သတိရတိုင်း
ပြန်ပြောနေဆဲပါ။ ဒါကြောင့် ဘယ်အရာမဆို ကိုယ်မရနိုင်ဘူးလို့ ထင်ရင်
အစောထဲက စွန့် လွှတ်ပြီး ကိုယ့်စိတ်ကို ထိန်းလိုက်မယ်
ဆိုရင် အရမ်းကြီး စိတ်ထိခိုက်ရမှာ မဟုတ်ပါဘူး မရနိုင်တဲ့ အရာကို တပ်မက်မှု့နဲ့ 
တအားဆုပ်ကိုင်ထားမယ်ဆိုရင်တော့ တကယ်တမ်းစွန့် လွှတ်ရတဲ့ အချိန်
မှာ ခံစားရတာက ဘာနဲ့ မှမတူအောင် နာကျင်ရတက်ပါတယ်။


“အမေ”

သားသမီး တွေကိုအရမ်းချစ်ပေမယ့် အမူရာနဲ့ ရော စကားနဲ့ ပါ မပြတက်တဲ့ကျွန်မ
အမေပါ။ အဖေနဲ့ တော့ မတူဘူးပေါ့နော်။ အကိုနဲ့ ကျွန်မဆိုရင် အကို့ ကို
ပိုချစ်တယ်လို့ ကျွန်မထင်ပါတယ် (ကျွန်မ မနာလိုတာ ဖြစ်မယ်ထင်ပါတယ်)။
ငယ်ငယ်တုန်းကတော့ မောင်လေးကို အမေပိုချစ်တယ်လို့  ထင်ခဲ့ပါတယ်။ ကျွန်မ
၅တန်း နှစ်ယောက်တော့ မောင်လေးဆုံးသွားပါတယ်။ သူက ၄ တန်းနှစ်လေ။
ခုဆို မောင်လေးဆုံးတာ ၁၀ စုနှစ် တခုကိုကျော်သွားပါပြီ။ ဒါပေမယ့် အားလုံးရဲ့
ရင်ထဲမှာ မောင်လေးကို သတိတရနဲ့  လွမ်းနေဆဲပါ။ ကျွန်မ အမေက
စကားတအား နဲတယ်။ အနေအေးပေမယ့် စိတ်ဓါတ် ကြံ့ခိုင်တဲ့ ကျွန်မအမေပါ။
အမေက အညာသူ အသားညိုညိုနဲ့ ချောပါတယ် အဖေက တော့မချောပါဘူး
အကိုနဲ့  ကျွန်မက အဖေနဲ့  တူပြီး ရုပ်ဆိုးပါတယ်။ အမေက တခြားအမျိုးသမီး
တွေလို ပန်းပင်စိုက်တာထက် စားပင်သီးပင် စိုက်တာကို ဝါသနာ ပိုပါတယ်။
ဗူးပင် ခရမ်းသီးပင်ကြက်ခင်းခါးပင် စသဖြင့် တခါတရံ အမေအပျင်းပြေ စိုက်ပါတယ်
ခုဆို သရက်ပင်တွေ အမေစိုက်ထားတာ ဘယ်နှစ်ပင် လောက်တောင်ရှိနေပြီလဲ
မသိဘူး။ တခါက အမေ ခြံထဲကို သန့် ရှင်းရေးလုပ်နေတုန်းမှာ ခွေးလေလွင့်
တကောင်က ကျွန်မတို့ ခြံနောက်ထဲ ကိုလာပြီး အီးအီး လာပါ ပါတယ်။ အဲ့ဒါကို
အမေက ခြံရှေ့ ကနေပြီးတော့ ခွေးကို ဘယ်လိုမောင်းထုတ်လဲဆိုတော့
“ဟိတ် ဒီခွေး နေဦး ငါ့ခြံထဲ အီးလာပါနေတယ် ဒီခွေးတော့ နေဦး….
ဟိတ် ခွေးသွားသွား.. ဒီခွေးတော့ နေဦး.. ဟိတ်ခွေး.. သွားသွား” ဆိုပြီးတော့
ခွေးကိုခဲသေးသေးလေး နဲ့ ခြောက်လှန့် ပြီးမောင်းထုတ်ပါတယ်။ ဒါနဲ့ ကျွန်မက
အမေ့ကို စချင်တာနဲ့  “အမေရယ် အမေလုပ်တာနဲ့  ခွေးခမျာ သွားပဲသွားရမှာလား
နေပဲနေရဦးမလား ဆိုတာတောင် ခွဲတက်တော့မှာ မဟုတ်ဘူး” လို့ အမေ့ကို
ိုပြောမိပါသေးတယ် … အမေက သူ့ စကားသူ ပြန်စဉ်းစားမိပြီး ရီနေပါသေးတယ်…


“အကို နဲ့  ကျွန်မ”

ကျွန်မတို့ မိသားစုမှာ အဖေနဲ့  အမေက တနိုင်ငံ ကျွန်မတို့ မောင်နှမနှစ်ယောက်က
တနိုင်ငံလေ။ အကိုနဲ့ ကျွန်မကလည်း တစ်လနေ လို့ တခါ လူချင်းမတွေ့ ဖြစ်ဘူး
ဖုန်းကတော့ဆက်ဖြစ်ပါတယ်။ ဒီလို ဝေးကွာ လွန်းတဲ့ မိသားစုဘဝမျိုး
ဘယ်တော့မှ မကြုံပါရစေနဲ့ လို့ လည်း အမြဲဆုတောင်းတယ်။ ဒီလို ဝေးပြီး
နေရတာကိုလည်း မကြိုက်ဘူး။ ကျွန်မတို့ နှစ်ယောက်က စိတ်ဓါတ်တွေ
ဝါသနာတွေ တော်တော်များများ တူတယ်။ ကျွန်မနဲ့  အကိုက အသက် ၅နှစ်
ကွာတယ် အကိုက ငယ်ငယ်ထဲက အဖွါးတွေနဲ့ 
တူတူနေရတယ်။ တခါတခါ သူအိမ်ကိုပြန်ပြီးလာ နေတဲ့ ရက်တွေမှာဆို
တပတ်ကို ၂ ခါလောက်မုန့် လုပ် စားဖြစ်တယ်။ မုန့် လုပ်ဖို့ အကြောင်းသူ
ကစပြီး ကျွန်မ ကိုပြောပြီဆိုရင် ကျွန်မက
“အနော်က မုန့် လုပ်ပေးမယ် ကိုကြီး ကအုန်းသီးခြစ်ပေး” ဆိုပြီး သူ့ ကို အုန်း
သီးခြစ်တဲ့ တာဝန်ခွဲပေးပါတယ်။ ကျွန်မတို့  မော်လမြိုင်က အိမ်တိုင်းနီးပါလောက်
အုန်းပင်ရှိတက်ပါတယ် ဒါကြောင့် ကျွန်မတို့ မြို့ က မုန့် တွေက အုန်းသီးကို
အဓိက အခြေခံပြီး လုပ်တဲ့ မုန့် တွေများပါတယ်။ ကျွန်မတို့ မြို့မှာက
ကိုယ့်အိမ်စားလောက် မုန့် လုပ်မယ်ဆိုရင် အုန်းသီးခြစ်တဲ့ စက်မှာ သွားမအပ်
တက်ကြ ပါဘူး။ အုန်းသီးခြောက်ကို ကိုယ်တိုင် ပေါက်(ခွဲ)ပြီး ကိုယ့်အိမ်က
ခြေနင်းဂျစ်နဲ့  ခြစ်ကြတာများပါတယ်။ ကျွန်မတို့ နှစ်ယောက် မုန့် လုပ်ရင်
လောဘကလည်း ကြီးပါတယ်။ ဘယ်တော့မှ နဲနဲ လေးမလုပ်ဘူး။
လုပ်ပြီးရင်လည်း စားလို့ ကုန်တယ်ရယ်လို့  မရှိဘူး။ ကျွန်မတို့ မုန့် လုပ်ပြီးရင်
အဓိက အားပေးတာက အဖွါးပါ။ အဖေနဲ့  အမေက အဖြစ်လောက်စားပါတယ်။
ကျွန်မတို့ နှစ်ယောက်ကတော့ ပင်ပန်းပြီး ထင်သလောက် မစားနိုင်တာများပါတယ်။
မုန့် တွေပိုနေပြီဆိုရင်တော့ နှစ်ယောက်သား မီးဖိုချောင်ထဲမှာ တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ပြီး ရီပါတယ်။ ပြီးရင် ဒီမုန့် တွေကို တလမ်းကျော်က
အမျိုးတွေအိမ်ကို သွားပို့ ရမယ်၊ မပို့ ခင် အမေ့ရဲ့ အဆူခံ မထိအောင် အမေ့ကို
နဲနဲသွားချွဲရမယ် ဆိုတာ တိုင်ပင်စရာ မလိုအောင်နှစ်ယောက်သား သိနေတယ်။
ဗိုက်အတင်းဆုံးစားပြီးလို့  ဘယ်လိုမှနောက်ထပ် မစားနိုင်တော့ဘူးဆိုတဲ့ အချိန်မှာ
ပိုနေတဲ့မုန့် တွေကို ချိုင့်တွေနဲ့ ထည့် ပြီးရင် တယောက်တမျိုးစီ ဆွဲပြီး
တော့ အမေ့ဆီသွားပါတယ်။ အမေ့ကိုမြင်တာနဲ့  ကျွန်မတို့ နှစ်ယောက်
မချိုမချည်မျက်နှာတွေနဲ့  အမေ့ကို အတင်းရီပြကြပါတယ် (အမေစိတ်ဆိုးနေရင်
အမေပြန်မရယ်မချင်း အတင်းရယ်ပြတက်တာ ကျွန်မ တို့ မောင်နှမတွေရဲ့
စတိုင်တခုလိုဖြစ်နေပါတယ်)။ ကျွန်မတို့ ရဲ့လက်ထဲမျာ ချိုင့်တွေနဲ့  ရီပြနေတဲ့
မျက်နှာ တွေနဲ့ ဆိုရင် အမေက သိနှင့်နေပြီ။ အဲ့ဒါဆို အမေကလည်း
ပြန်မရီပြပဲ မနေနိုင်ပါဘူး ပြီးရင် ခပ်ပြုံးပြုံး မျက်နှာနဲ့ ”အင်း…
မကုန်ပြန်ဘူးဟုတ်လား” စကားများများ မပြောတဲ့
ကျွန်မအမေရဲ့ စကားက ဒီလောက်ပါပဲ ကျွန်မတို့ ကသာ “ အဟဲ..
ဟုတ်တယ်အမေ.. ဟိုလေ အမျိုးတွေက လည်းစားချင်ကြမှာပေါ့နော် သူတို့ က
သမီးတို့ အိမ်က မုန့် က စားလို့ ကောင်းတယ်လို့ ပြောတယ်…. ခုလည်း
ဘယ်လိုသိသွားလဲ မသိဘူး စားချင်တယ်လို့ ပြောလို့ .. အဲ့ဒါလေ…”
စသဖြင့် အမေ့ကို ရွှမ်းရွှမ်းဝေအောင်ပြောပြီး အမျိုးတွေ
အိမ်ကို နှစ်ယောက်သား ချိုင့် တွေနဲ့ ချီတက်ကြပါတယ်။

Saturday, August 1, 2009

“ သူငယ်ချင်းသို့ ....”

နင် နဲ့ ငါ ရိုးသားမှု့ကြားမှာ
ဖျားယောင်းမှု့ဆို တာ..
ပါးပါးလေးတောင်မရှိခဲ့ဘူး။

နင် နဲ့ ငါရင်းနှီးမှု့ကြားမှာ
အထင်သေးခြင်းဆိုတာ
ဘာလဲဟာ?........

နင်လဲရင် ငါကူ၊ ငါလဲရင် နင်ကူပေါ့
သူငယ်ချင်းဆိုတဲ့ ဝေါဟာရကို
ငါတရှိုက်မက်လို့ ပါ။

သူငယ်ချင်းရေ ကျေးဇူးတင်တယ်။
အသက်ရှုမွန်းကျပ်တိုင်း
အားပေးခဲ့တာတွေကိုပေါ့။

သူငယ်ချင်းရေ..
တကယ်ဆို …..
ပြီးသွားမှာဆိုတာ မေ့ထားလိုက်ချင်တယ်။

Thursday, April 9, 2009

“ ကျွန်မတွေးမိသော ဒေါသခြေရာများ ”

လူတွေရဲ့စိတ်ဟာ ခံစားသိမြင်မှု့အပေါ်မှာ လိုက်ပြီး အရမ်းကို ပြောင်းလဲလွယ်
ကြတယ် ။ ပြီးတော့အဲ့ဒီ့ခံစား ချက်အပေါ် အခြေခံပြီးသူနဲ့ အတူ တပြိုင်နက်ထဲ
ဖြစ်ပေါ် လာတဲ့ ကိစ္စ ရပ်တွေကိုပါ အကျိုးသက်ရောက် မြဲပဲ ။ ဥပမာ-
လူတစ်ယောက် ဟာ စိတ်ရောကိုယ်ပါ ပျော်ရွှင်ကြည်လင်နေ တဲ့အချိန် မျိုးမှာ
ပြဿနာ တစုံတခုပေါ်လာ ခဲ့ရင်သော်မှ အဲ့ဒီ့ပြဿနာကို ကျိုးကြောင်းဆီ
လျော်အောင် စိတ်အေးအေး ထားပြီး ဖြေရှင်းတက် ကြတယ် ။ ဒါမှမဟုတ်
ပဲဒေါသတွေ သောက တွေဖြစ် နေချိန်မှာ ဆိုရင်တော့ သေးငယ်တဲ့ အမှု့ကိစ္စ
လေးကိုတောင်မှ ဒေါသအလျှောက် သောက အလျှောက် လွန်ကဲစွာ ၊တခါတရံ
မှားယွင်းစွာဖြေ ရှင်းမိတက်ကြတယ် ။ ဒါကတော့ လူတစ်ယောက်ချင်း စီတိုင်း
အနဲနဲ့ အများဖြစ် တက်ကြတဲ့ကိစ္စတွေပါ ။ လူတစ်ယောက်ဟာ ပျော်ရွှင်နေရင်
သူရဲ့ပျော်ရွှင်မှု့ဟာ တခြားလူတွေစီကိုလည်းအပျော်တွေ ကူးစက်တက်သလို
ဒေါသမီးတွေ သောကမီးတွေ တောက်လောင်နေရင်လည်း ပတ်ဝန်းကျင်ကိုသူရဲ့
အပူတွေက လောင်မြိုက်စေတက်ပါတယ် ။


တိုးတက်နေတဲ့ ကျွန်မတို့ ရဲ့ ယနေ့ ကမ္ဘာကြီးမှာ လူတိုင်းဟာ တိုးတက်မှူ့ကို
အမှီလိုက်နိုင်ဖို့ အတွက် လိုအပ်ချက်တွေများလာကြတယ် ။ ပညာရေး၊
ကျန်းမာရေး၊ လူမှူ့ရေး၊ သားရေးသမီးရေး ၊ ဘာသာရေး၊ စီးပွါးရေး၊ တွေမှာ
လိုအပ်ချက်တွေ ကိုဖြည့်နိုင်ဖို့ အတွက်လူတွေဟာရုန်းကန် ကြရပါတယ် ။ တချို့ 
တချို့ ဆို ပင်ပင်ပန်းပန်း ကြိုးစားပါရဲ့နဲ့  ဖြစ်ချင်တာတွေ ဖြစ်သင့်တာတွေ
ဖြစ်မလာ တဲ့အခါမှာ သူတို့ မှာ သောကမီး၊ ဒေါသမီး၊ဗျာပါဒမီးတွေ လောင်ကြရ
တော့တယ် ။ အလုပ်ကလည်း ပင်ပန်း ၊လုပ်သလောက်ကလည်းခရီးမတွင် ၊
ဖြစ်ချင်တာတွေကများ၊ ကြာလာတော့ သူတို့ ကိုယ်မှာတောက်လောင် နေတဲ့မီးဟာ
သူတို့ နဲ့ ပါတ်သက်နေတဲ့ လူတွေစီကိုပါ ကူးစက်ကုန်တော့တယ် ။အဲ့ဒီလိုဖြစ်လာ
တဲ့အခါမှာ ကျွန်မတို့ ဟာ ကိုယ့်ဒေါသကို ညင်သာစွာထိန်းသိမ်း နိုင်ဖို့ 
အရေးကြီးပါတယ် ။ ကျွန်မကတော့ တခြားလူတစ်ယောက်ကို အရမ်းကိုစိတ်ဆိုး
မိတဲ့ အချိန်မှာ အဲ့ဒီလူကို နာကျင်အောင် မပြောမိစေဖို့  ကိုယ့်စိတ်ကို ထိန်းချုပ်
နိုင်အောင်ကြိုးစားပါတယ် ။ ဒေါသအလျောက်ပြောမိတဲ့ စကားတစ်ခွန်းဟာ နောင်တစ်ချိန်မှာ
ကိုယ့်ထံကိုသာ ပြန်လာတက်ပါတယ် ။ ဒေါသဖြစ်နေတဲ့ အချိန်မှာ ထိုသူနဲ့ မျက်နှာချင်း
မဆိုင်မိအောင် စကားမပြောမိအောင် ကိုယ့်ဘာသာ ရှောင်နေလိုက်ပါတယ် ။


ယနေ့ ခေတ် အိမ်ထောင်တစ်ခုမှာ အိမ်ထောင်ရှင်အ မျိုးသားရော
အမျိုးသမီးပါ နှစ်ယောက်စလုံးဟာ တိုးတက်မှု့ကို အမှီလိုက်နိုင်ဖို့ 
သားသမီးတွေရဲ့ပညာရေး ကျန်းမာရေး တခြားလူတွေနဲ့ ယှဉ်ရင်
မျက်နှာမငယ်ရအောင် စတဲ့ လိုအပ်ချက် ပေါင်းများစွာကိုဖြည့်နိုင်ဖို့ 
အတွက် ကိုယ်အား ဥာဏ်အား ရှိသလောက် စီးပွါးရေးကို ကြိုးစားရှာ
ဖွေကြပါတယ် ဒါက မိဘတိုင်းရဲ့သား သမီးအပေါ်ထားတဲ့မေတ္တာ
စေတနာပါ ။ ဒီလို ကြိုးစားကြတဲ့အခါ တခါတရံ အလုပ်ပင်ပန်းလို့ ပဲ
ဖြစ်ဖြစ် ကိုယ့်ရဲ့လူမှု့ပေါင်း သင်းဆက်ဆံရေး နယ်ပယ်မှာဖြစ်ဖြစ်
အဆင်မပြေဖြစ်တာ တွေ တခါတရံတွေ့ ကြုံရစမြဲပါပဲ ။အဲ့ဒီအခါ
စိတ်ညစ်စရာတွေက ဒေါသအဖြစ်ပြောင်း လဲတက်ကြပါတယ် ။
တခါတရံအပြင်လောကမှာ ဖြစ်လာတဲ့ဒေါသဟာ အပြင်မှာတင်မ ပြီးနိုင်ပဲ
အိမ်အထိပါလာ တက်ကြပြန်တယ် ။ အိမ်ရောက်တော့ အိမ်ကမိန်းမနဲ့ က
စကားပြောအဆင်မပြေ ၊ မြိုသိပ် ခဲ့သမျှမကျေနပ်ချက်တွေက ပေါက်ကွဲ ၊
လင်မယားနှစ်ယောက် အခြေအတင်ဖြစ် ၊အခြေနေပိုဆိုးရင် ရန်တွေ
ဖြစ်ကြတဲ့အထိဖြစ်လာ ရော ။ လူစိမ်းနှစ်ယောက် ပေါင်းစပ်ထားတဲ့
အိမ်ထောင်တစ်ခုမှာ လင်နဲ့ မယား “ လျှာနဲ့ သွား” ဆိုတာမျိုးလို တခါ
တရံရန် ဖြစ်ကြတာ အဆန်းတကြယ်ကိစ္စ လို့ မဆိုနိုင်ပါဘူး ။ ချစ်လို့ 
ယူထား တာပဲဖြစ်ဖြစ် မိဘပေးစားလို့ ညားတာပဲဖြစ်ဖြစ် အိမ်ထောင်တစ်ခု
မှာလင်မယားရန် ဖြစ်တာဆန်းတဲ့ ကိစ္စ တော့မဟုတ်ပါဘူး ။ ဒါပေမယ့်
သူတို့ အတွက် မဆန်းတဲ့အရာလို့ ဆိုလို့ ရပေမယ့် သူတို့ နှစ်ဦးရန်ဖြစ်တဲ့
အတွက်ထိခိုက်နှစ်နာ သူတွေရှိတယ် ။ အဲ့ဒီလူတွေ ကတော့ သူတို
့နှစ်ဦးကမွေးထားတဲ့ အသိငယ်သေးတဲ့ သူတို့ ရဲ့ သားသမီးတွေလေ ။
ငယ်ရွယ်တဲ့ ကလေးတွေရဲ့စဉ်းစားဥာဏ်နှုန်း ဟာလူကြီးတွေလောက်
မသွားဘူး မစဉ်းစား တက်သေးတဲ့အရွယ် လေးတွေမို့  ခံစားချက်တွေ
ကလည်း မရင့်ကျက် မတည်ငြိမ်ဘူး ။ သူတို့ သိတာက အမေနဲ့ 
အဖေရန်ဖြစ်ရင် အရမ်းထိခိုက် ဝမ်းနည်းမယ်။ ငါတို့ ဘယ်လိုနေရပါ့မလဲ?။
အမေကငါတို့ ကိုပစ်သွားမှာလား?။ အဖေကရော အိမ်မပြန်လာတော့
ဘူးလား?။ အမေမရှိရင်ငါတို့ ဘယ်လို နေရပါ့မလဲ?။ .. သူတို့ 
တွေးနိုင်တာ အဲ့လောက်ပါပဲ ။အဲ့ဒီလိုအတွေးတွေနဲ့  သူတို့ ရင်ထဲမှာ
ကြောက်စိတ်တွေ လွှမ်းမိုးလာတယ်။ သိမ်ငယ်မှု့တွေနဲ့  စိုးရွှံမှု့တွေ
ဖြစ်လာနိုင်သလို တချို့ ကလေးတွေရဲ့ အသိဥာဏ်နုနုမှာ ကြမ်းတမ်းတဲ့
အမူအကျင့် တွေလည်းဖြစ်လာနိုင်တယ် ။



ကလေးအရွယ်ဆိုတာက သင်ပြလို့ အကောင်းဆုံး ပုံသွင်းလို့ အကောင်းဆုံး
အရွယ် လေးတွေပါ ။
သူများဘာပြောလည်းလိုက်ပြောတက်တယ်။ သူများဘာလုပ်လည်း
လိုက်လုပ်တက်တယ် ။ကလေးတွေမှ မဟုတ်ပါဘူး။ လူဆိုတာ အတုယူ
တက်တဲ့ အကျင့်ရှိကြတယ် ။ လူနှစ်ယောက်ဒေါသတွေနဲ့  ရန်ဖြစ်ကြတဲ့
အလျောက် ပြောတဲ့စကားလုံးတွေကလည်း အနဲ နဲ့ အများတော့ကြမ်း
ကြမှာပါ ။အဲ့ဒီ့စကား ကြမ်းကြမ်းတွေ ကလေးတွေရဲ့
အသိအာရုံထဲ ဝင်သွားပြီဆိုရင် ဒါဟာမကောင်းတဲ့ဖြစ်ရပ်ကြီးတစ်ခုဖြစ်သွား
ပါပြီ ။ သားသမီးတွေကို ယဉ်ကျေးလိမ္မာဖို့ သင်ပေးတဲ့ အခါမှာ
ခက်ခဲမှု့တွေရှိလာတော့မယ် ။ တချို့ ကလေးတွေဆို စကားကြမ်းကြမ်းတွေ
ပြောတက်လာကြမယ် ။ ဒါဟာ ငယ်ရွယ်သူကလေး တွေအတွက် ဘယ်လို
မှမကောင်းနိုင်တဲ့ကိစ္စရပ်ပါ ။



ကျွန်မသူငယ်ချင်းတစ်ယောက်က ပြောဘူးတယ် “ ငါငယ်ငယ်က ငါ့အမေနဲ့ 
အဖေရန်ဖြစ်ရင် အရမ်းကြောက်တာပဲ …. ငါတို့ ကိုများပြစ်သွားတော့မှာလား၊
ငါတို့ ဘယ်လိုများနေရမလဲဆိုပြီး ရင်ထဲမှာ အရမ်းစိုးရိမ်ပြီး ပူပင်တဲ့စိတ်
တွေဖြစ်ရခဲ့ရတယ်… …. အဲ့ဒါကြောင့်ငါတို့ လင်မယားနှစ်ယောက် ငါတို့ 
သားသမီးတွေရှေ့မှာ ရန်မဖြစ်မိအောင်ထိန်းတယ်။ ရန်ဖြစ်ရင်တောင်
သားသမီးတွေ ရဲ့နောက် ကွယ်မှာတိုးတိုးတိတ်တိတ် ကျိတ်ဖြစ်တယ်
……… သူတို့ လေးတွေရဲ့ဖြူစင်တဲ့စိတ်တွေမှာ ဘယ်လိုအနာတရမျိုး
ဝမ်းနည်းတာမျိုးအဖြစ်မခံစေချင်ဘူး ……. သောကတွေနဲ့ စိုးရိမ်မှု့
တွေလည်းမဖြစ်စေချင်ဘူး…..”ကျွန်မလေးစားအားကျမိတဲ့
သူငယ်ချင်းလင်မယားပါ ။



မိဘတိုင်းဟာ ကိုယ့်သားသမီးတိုင်းကို ထူးချွန်လိမ္မာထက်မြက် စေချင်
ကြပါတယ် ။ အဲ့ဒီ့ စေတနာတွေနဲ့ ပဲ သွန်သင်ပြသဆုံးမကြတယ် ။
ဒီလိုဆုံးမတဲ့အခါ တခါတရံ ဖြစ်စေချင်၊တက်စေချင်တဲ့ ဆန္ဒတွေကများ
ကလေးကမလိုက်နိုင် တဲ့အခါစေတနာအမှားအရ ရိုက်ပြီးဆုံးမတဲ့အခါမျိုး
တွေလည်းရှိကြတယ် ။ တချို့မိဘတွေက ကလေးတွေကိုဆုံးမတဲ့အခါ
အရမ်းကိုရိုက်နှက်ပြီး ဆုံးမတာမျိုးတွေလည်း တွေ့ ဘူးပါတယ် ။
တချို့ကလေးတွေရဲ့စိတ်မှာတော့ခဏလေးနဲ့ မေ့ပျောက်တက်ကြပေမယ့်
တချို့ ကလေးတွေရဲ့ စိတ်မှာတော့ ဒဏ်ရာအဖြစ်ကျန်နေတက်တယ် ။



ကျွန်မရဲ့ညီမဝမ်းကွဲတစ်ယောက် ဆိုရင် သူ ၅ နှစ် ၆ နှစ်အရွယ်
လောက်တုန်းက အရမ်းကို ဂျီကျ ဆိုးလွန်းလို့ ဆိုပြီး တစ်နေ့ တော့
သူ့ အဖေက သူ့ ကို ရိုက်ပြီးဆုံးမပါတယ်။ ကလေးရဲ့စိတ်မှာ ဒဏ်ရာတခုလို
ဖြစ်ပြီး သူဟာဒီနေ့ အထိ သူ့ အဖေကို “ အဖေ ” လို့ မခေါ်တော့ပါဘူး။
ခုချိန်ထိလည်း သူ့ အဖေနဲ့ စကား သိပ်မပြောတော့ဘူး။ မေးထူးခေါ်ပြော
အဆင့်လောက်ပဲရှိပါတယ် ။အမေတွေ အမတွေ ကဖျောင်းဖျ ဆုံးမလည်း
ဘယ်လိုမှဆုံးမ လို့ မရတဲ့အထိဖြစ်သွား ပါတယ်။ ခုဆိုရင်
ညီမလေးကတက္ကသိုလ် ဒုတိယနှစ် တောင်ရောက်နေပါပြီ ။ သူ့ အဖေကတော့
တသက်လုံးယူကျုံးမရဖြစ်နေရတော့တယ် ။ စေတနာတွေက ဒေါသတွေအဖြစ်
ပြောင်းလဲသွားတဲ့အခါမှာ မဖြစ်သင့်တာတွေဖြစ်လာ ရတော့တဲ့ သဘောပါ ။
ကောင်းကျိုးမပေးလွန်းတဲ့ ဒေါသပါပဲရှင် ။ မိဘတွေကစေတနာဒေါသအမှားနဲ့ 
ရိုက်ပြီးဆုံးမမိလို့  စိတ်ဒဏ်ရာ ရသွားတဲ့ ကလေးတွေ ဒီကမ္ဘာမှာ
ဘယ်လောက်တောင်များ နေပါပြီလဲ ? ။



ကျွန်မ MRT စီးရင်းနဲ့  MRT ပေါ်မှာကြောငြာလေးတွေ ကပ်ထားတာ
ဖတ်မိပါတယ်.. ငယ်ရွယ်တဲ့ ကလေးတွေကို ရိုက်ပြီးဆုံးမလိုက်ရင်
နောင်တချိန်မှာသူတို့ ဟာ ကြမ်းတမ်းခက်ထန်တဲ့ လူကြီးတွေဖြစ် လာနိုင်တယ်။
ညှာတာမှု့ စာနာမှု့ ကင်းမဲ့တဲ့လူတွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့်
ကလေးတွေကို ရိုက်ပြီး မဆုံးမဖို့ တိုက်တွန်းထားပါတယ် ။
အရမ်းကောင်းပြီး လူတိုင်းလိုက်နာသင့်တဲ့ ကြော်ငြာလေးတွေဖြစ်ပါတယ် ။
မိသားစု အရေးကိစ္စ ကနေ နိုင်ငံတနိုင်ငံရဲ့ အရေး ကမ္ဘာ့ အရေး အထိ
တာသွားမယ့်အရာပါပဲ ။ ဘာလို့ လဲဆိုတော့ ကျွန်မတို့ ရဲ့ ကမ္ဘာကြီးမှာ
လူသားအရင်းအမြစ်ဟာ အဓိက အရေးကြီးတဲ့ နေရာကနေပါနေလို့ ပါပဲ ။
သက်ရှိလူသားများစွာရှိနေတဲ့ ကမ္ဘာကြီးမှာ လူသားချင်းစာနာညှာတာ
စိတ်ရှိဖို့ အတွက် ဆိုတာ လူတဦးချင်းစီ ပေါ်မှာတာဝန်ရှိနေလို့ ပါပဲ ။




ဒီနိုင်ငံမှာ အားကျမိတဲ့ မိသားစုအလေ့ကျင့်လေး တခုရှိပါတယ် ။အဲ့ဒါကတော့
သားသမီးတွေနဲ့  စနေတနင်္ဂနွေ လိုနေ့ မျိုးတွေမှာ အချိန်ပေးပြီး
လျောက်လည်ကြတယ် ။ စာကြည့်တိုက်ကို အချိန်
ပေးပြီးလိုက်ပို့ကြတယ် ။ သားသမီးတွေနဲ့ နွေးနွေးထွေးထွေး
နေကြတယ် ။ အားကျ အတုယူစရာကောင်းတဲ့အချက်တွေပါ ။
ပျော်ရွှင်စရာမိသားစုဘဝကို ထူထောင်တဲ့နေရာမှာ
လင်မယားနှစ်ယောက် သည်းခံစာနာစိတ် မွေးကြရမယ့်အပြင်
သားသမီးတွေနဲ့ လည်း အချိန်ပေးပြီး နွေးနွေးထွေးထွေး
ဆက်ဆံကြရမယ်လို့ ထင်မိပါတယ်ရှင် ။

Monday, February 23, 2009

“ ကျွန်မရဲ့ ရူးသွပ်ခဲ့သော ”

ကျွန်မစာမရေးတာ နဲနဲကြာသွားပါတယ် .. တကယ်တော့ ဘလော့အတွက်
ခံစားချက် တွေရေးချင်နေတာ ကြာပါပြီ .. ခုတလောကတော့ စာမေးပွဲ က
လည်းကျ လူကလည်း တော်တော်လေး မအား ဘူးဖြစ်နေတာရယ် ခံစား
ချက်တွေ ကလည်း ရှုပ်နေတာရယ် ကြောင့် ပိုစ့်အသစ်တင်ဖို့  ကြာသွား
ခြင်းဖြစ်ပါတယ်.. ကျွန်မစာရေး မယ်လို့ စဉ်းစားလိုက်တိုင်း ဘာ အ
ကြောင်းရေးရမှန်း မသိပဲ စမ်းတဝါးဝါးဖြစ်နေတယ်…. ကျွန်မက စာရေးရင်
ကိုယ့်ရင်ထဲမှာ တကယ်ဖြစ်ပေါ်လာတဲ့ ခံစားချက်ကိုပဲ ရေးချင်တာလေ
ဒါနဲ့ ခံစားချက်တွေဖြစ် ပေါ်လာမယ့်နေ့ ကိုထိုင်စောင့်ရင်း ခံစားချက်
တွေကို လုပ်ယူကြည့်မိတယ်.. ခံစားချက်ဆိုတာက လည်းခက်သားနော်
လုပ်ယူ ဖန်တီးလို့ မရတဲ့ အရာတွေ ထဲမှာသူလည်းပါ တယ်.. …..
မကြာသေးတဲ့တစ်နေ့ မှာတော့ အကြောင်းရာတစ်ခုကို ရေးချင်တဲ့ခံစား
ချက်တွေပေါ်လာတယ်…. ဒါနဲ့ ပဲ စာရေးမယ်ဆိုပြီး ဘောပင်နဲ့ စာရွက်
ကိုကိုင်ပြီး ရေးတော့မယ်လဲလုပ်ရော .. ဒါမျိုးဆိုရင် ဘယ်ချောင်က နေ
မှခက်ခက်ခဲခဲဆွဲ ထုတ်စရာမလိုတဲ့ အပျင်းရောဂါတွေ ကနဂို ရှိရင်းဆွဲ
“ ပျင်း ”ရောဂါ ကိုဒီဂရီတိုးစေတယ်.. (အဟီးးးးး) အဲ့ဒီ “ ပျင်း ” ရော
ဂါကို အိပ်လိုက်စားလိုက်နဲ့  ၂ ရက်လောက်တိုက် ထုတ်လိုက်ရသေး
တယ်…. ပျင်းရောဂါလည်းသက်သာ လာတော့ စာရေးတော့မယ်လည်း
လုပ်ရော…… သွားပြန်ပါပြီ … ဒီတခါလည်း…ကျွန်မရေးလိုက်တဲ့ စကား
လုံးတွေ က ကျွန်မရဲ့ခံစားချက်ကို မှေးမှိန်ပျက်စီးစေပြန်တယ်…အဲ့ဒီနေ့ 
က ရေးလိုက်… မကြိုက်ရင် .. ပြန်ဖျက်လိုက်နဲ့ … စိတ်ကိုညစ်သွားတာ
ပဲ…… ကျွန်မရဲ့ စာမရေးချင်တဲ့ အကြောင်းပြချက်တွေ ကလည်းများ
သားနော်….. ဆင်ခြေ ၊ ဆင်လက် ၊ တောင်မဟုတ်ပဲ ဆင်တကိုယ်လုံး
နီးပါးဖြစ်နေတယ်…..


…………………………………………………………………………………….
“လူတစ်ကိုယ်စိတ်တမျိုး” ၊ “လူခြင်းတူပေမယ့်စိတ်ခြင်းမတူဘူး”
အဲ့ဒီစကားတွေ ကဆိုရိုးစကားတွေ လား သာမာန် အရပ်သုံး
စကားလားဆိုတာတော့ ကျွန်မလည်းသေသေ ချာချာမသိပါဘူး …
တချို့ တွေ က ခံစားချက်တွေ ကိုရင်ထဲမှာသိုဝှက် ထားတက်သလို
တချို့ တွေ ကတော့ အရှိကိုအရှိတိုင်းထုတ် ပြတက်ကြတယ်…
ကျွန်မ “ ၇ ” တန်း နှစ်က ကျွန်မသူငယ်ချင်းရဲ့ အမေ က သူ့ သမီး
ကို အမြဲပဲ နေ့ လည် ထမင်းချိုင့်လာပို့ တယ် … ထမင်းစားပြီးလို့ 
သူ့ အမေပြန်ရင် သူငယ်ချင်းက သူ့ အမေကို နှုတ်ဆက်အနမ်းလေး
ပေးသလို သူ့ အမေက လည်းသူ့ သမီးကို နှုတ်ဆက်အနမ်းလေး
ပြန်ပေးနေကြပဲ… ကျွန်မ သူတို့ သားအမိကို ကြည့်ပြီးတော်တော်
အားကျမိတယ်.. .. ဒါနဲ့ ကျွန်မလည်း စိတ်ထဲမှာ မှတ်ထားပြီး ..
“ အမေ့ ပါး လေး ” ကိုတစ်နေ့ လောက်တော့ နမ်းကြည့်အုံးမယ်
ဆိုပြီးတေးထားလိုက်တယ်…. အဲ့ဒီ့နေ့ ကစပြီး ကျွန်မရဲ့ ပြသနာက
တော့ အမေ့ပါးကို အလစ်ချောင်းရတဲ့ ကိစ္စပါပဲ …အဲ့ဒိနေ့ ကစ
ပြီး.. အမေ့ကိုဟိုဘက်ကနေ ချောင်းလိုက် ဒီဘက်ကနေချောင်း
လိုက် ချောင်ထဲမှာကပ်ပြီး ချောင်းလိုက်နဲ့  ဂဏာမငြိမ် ကိုဖြစ်
နေတာလေ.. ကိုယ့်အမေ ရဲ့
ပါးပြင်ကို နမ်းဖို့ အရေး ကျွန်မ တော်တော် အစီစဉ် ချယူလိုက်ရ
တယ် “ ၃ ” ရက်လောက် ရောက်တော့ အကောင်ထည် ဖော်ခွင့်
ရပါတယ် ……. အမေထမင်းစားနေတုန်း….. အမေ့ပါးပြင်လေးကို
ကမန်းကတန်း နမ်းမိပါတယ်……. ဝိုး……… ကျွန်မတော်တော်
ရှက်သွားတယ်…… အဲ့ဒါဘာလို့ လဲမသိဘူးနော် ?... အမေကလည်း
“ ဟာ…… ဒီကလေးမလေး ဘာတွေ အရူးထနေတာလည်း ဆိုပြီး
ကျွန်မကို “ ဆူ ” ပါတယ်….. ဘာလို့ လဲမသိဘူးနော် ? ……..
ကျွန် မနောင်ဆို အမေ့ ကိုဘယ်တော့မှ မနမ်းရဲတော့ပါဘူး……
ရှက်တာလည်းပါတယ် … အမေဆူတာလည်း ပါတယ်……..



ကျွန်မအမေက လေ သူ့ ရဲ့ခံစားချက်တွေ ကိုဘယ်တော့မှ အပြင်
မထုတ်ပြတက်ဘူး… ကျွန်မအမေ ကျွန်မတို့ မောင်နှမတွေ ကိုဘယ်
တော့မှ လွမ်းကြောင်းသတိရ ကြောင်းမပြောဖူးဘူး………… ကျွန်မ
ဘလော့ကိုလာလည်တဲ့ သူငယ်ချင်းတွေရဲ့အမေ တွေလည်း
ကျွန်မအမေ အတိုင်းပဲလားဟင်? ……. ဟိုတရက်က အိမ်ကိုဖုန်းဆက်
ပြီး အမေ့နဲ့ စကားတွေ အကြာကြီးပြောဖြစ်တယ်…. စကားပြောနေရင်း
က အမေ့ကို စကား ၂ ခွန်းအရမ်းကိုမေးချင်မိတယ်…. အဲ့ဒီမေးခွန်းက
မမေးလည်း နားလည်နေတဲ့ အဖြေရှိတဲ့မေးခွန်းပါ…. ဒါပေမယ့် ကျွန်
မ က…အမေနှုတ်က ဖြေတဲ့စကားကိုကြားချင်တာလေ….. ဒါပေမယ့်
ကျွန်မ တခုပဲမေးလိုက်ပါတယ် .. ဒုတိယမေးခွန်းကိုတော့ ကျွန်မ
ခုထိ မမေးရဲသေးဘူး ဘာလို့ လဲဆိုတော့အမေ ကတိတိကျကျမဖြေ
ပဲ ဝေ့လည်ကြောင်ပတ် ဖြေမှာစိုးလို့ ပါ ကျွန်မမေးတဲ့မေးခွန်း က
တခြားသူတွေ အတွက်တော့ သာမာန် ရီစရာ တခုလောက်ဖြစ်ချင်
ဖြစ်နေပေမယ့် ကျွန်မအတွက်တော့ အရေးပါလွန်းတဲ့ အရာပါ



ကျွန်မအမေ့ကိုမေးလိုက်တာက “ အမေ သမီးလေ.. အမေ့ကိုအရမ်း
သတိရတာပဲ.. အမေရော သမီးကိုသတိရ လားဟင် ” မေးပြီးကျွန်မ
အသက်အောင့်ထားမိတယ်…. အမေ ဘယ်လိုများဖြေမှာပါလိမ့်?…
အရမ်းကြီးတော့မမျော်လင့်ထားဘူးပေါ့ရှင် အမေက ဒါမျိုးတွေ သိပ်
မဖြေချင်တဲ့သူမို့ လို့ ပါ… ဒါပေမယ့်အဲ့ဒီ့နေ့ ကတော့ အမေ က ကျွန်
မလိုချင်တဲ့ အဖြေကို ပေးပါတယ် “ အမေလည်း သမီးကိုအရမ်းသတိ
ရတယ် အရမ်းသတိရလို့ ခုလေးတင် သမီး အကြောင်းကို သမီး အဖေ
နဲ့ ပြောနေကြတာ ” ဝိုးးးးးးးး …….. ကျွန်မပျော်လွန်းလို့ ထပြီးခုန်ချင်မိ
တယ်.. ကျွန်မကြောက်တာက အမေက “ အော် ကိုယ်မွေးထားတဲ့ သမီး
ပဲ .. သတိမရပဲ နေပါ့မလား….” ဆိုပြီး ပုံမှန် အတိုင်းဖြေ လိုက်မှာကိုပါ
အဲ့ဒိ့နေ့ က အမေနဲ့  အကြာကြီးပဲ ဖုန်းပြောဖြစ်တယ် အမေက လည်း
ဖုန်း မချ ချင်သလို ကျွန်မ ကလည်း နှုတ် ဆက်လိုက်ရမှာ တော်တော်
စိုးမိပါတယ်… အဲ့ဒီ့နေ့ က ဖုန်းချ တော့မယ်ဆိုပြီး နှုတ်ဆက်လိုက်..
စကားပြန်ဆက်ပြောလိုက်နဲ့  .. နှုတ်ဆက်တဲ့စကား ၁၀ ကြိမ်ထက်
မက ဖြစ်သွားတယ်…..



ဒုတိယ မေးချင်တဲ့မေးခွန်းက “ အမေ သမီးကို ချစ်လား ” ဆိုပြီးမေးချင်
တာပါ … ဒါပေမယ့် မမေးရဲသေးဘူးဖြစ်နေတယ်……ငယ်ငယ်က ကာ
တွန်းစာအုပ်ထဲမှာ ဖတ်ဘူးတယ်.. သူ့ သားက သူ့ အဖေ ဆုံးကာနီး
မှာ .. “ အဖေ...သား တို့ ကို ချစ်တယ်လို့ တစ်ခါမှ မပြောခဲ့ဖူးဘူး
အဖေသာ သားကို ချစ်တယ်လို့ အခုနေ ပြောရင် ဂျွမ်းထိုး မိမှာပဲ…”
ဆိုပြီးပြောတော့.. သူ့ အဖေက သူ့ သားကို …………
“သား…….. မင်းဂျွမ်းထိုးလို့ ရပြီတဲ့………………………..”

Thursday, January 29, 2009

“ စိတ်မနှံ့ တဲ့အိပ်မက် ”

အလွမ်းအလွမ်းနဲ့….
ငါ့ရင်ဘတ်ကို….
တိုက်စားဖန်များတော့….
လူလဲ ပမ်းလို့ နွမ်းလို့နေပေါ့…

သက်သက်သာသာ … ဖြစ်စေဖို့ ရည်စူးပြီး..
ထူးမလာနိုင်ဘူးထင်လို့..
ကိုယ့်အသည်းကို..ကိုယ်ခွဲ…
နည်းနည်းလေးတောင် မညှာဘဲ….
လမ်းလွဲကိုရွေးပြီးမှ..
အခါခါတမ်းတနေတာ….
ဘာတွေများမှားနေလဲ…
မသိတော့ဘူး…

ဒီလိုနဲ့ပဲ………..
အိပ်မက်တွေက …. ဦးတည်ရာမဲ့……
အရူးတစ်ယောက်လိုပြေးလွှား….
အိပ်မက်နောက်ကိုလိုက်နေတဲ့…
ငါလဲအရူးတစ်ပိုင်း………………………………
ခပ်ရိုင်းရိုင်းပဲ…… ပြောလိုက်မယ်…
ဟုတ်တယ်…………
ဒါရူးတာပဲ……………..


“ မေ ”

Thursday, January 8, 2009

“ထိုသူငယ်ချင်းနဲ့  ကျွန်မငြိတွယ်ခြင်း” ၂

“၈ တန်း” ကျောင်းသူကျွန်မ ဟိုစပ်စပ်ဒီစပ်စပ်နဲ့ ကျောင်းရဲ့ပန်းဖွား
အဖွဲ့ ထဲဝင်ပါတယ် တနေ့ တံတားဖွင့်ပွဲကအပြန် ကျောင်းအတွက်
သီးသန့် ပေးထားတဲ့ကားရဲ့အလယ် ခုံမှာကျွန်မထိုင်ရပါတယ် ကား
ပေါ်ရောက်တာနဲ့ ကျွန်မရဲ့ ဗီဇအတိုင်း ကားပေါ်မှာငိုက်ပါတယ် ခု
လည်း MRT ပေါ်မှာကျွန်မငိုက်တုန်းပဲ မှတ်တိုင်ကျော်ပေါင်းလည်း
များနေပြီ (အဟဲဟဲ) ကျောင်းရောက်လို့ ကားပေါ်ကဆင်းမယ်
လဲလုပ်ရော လူကရှေ့ ကိုတပတ်ကျွမ်းထိုးတာပဲ ခုံကလည်း ကိုယ့်
ပေါ်ကိုကပ်လိုက်လာတယ်.. နာလိုက်တာ နောက်လှည့်ကြည့်
တော့စပ်ဖြဲဖြဲမျက်နှာ နဲ့ ချိုမာလွင် .. ကျောင်းသူတွေကတော့
ဝါးလုံးကွဲမတက်ရီကြတာပေါ့လေ ကျွန်မလည်းရှက်လွန်းလို့ သူတို့ 
နဲ့ ရောပြီးရီနေလိုက်တယ် (အဟဲဟဲ အဟင့်ဟင့်) ဗေဒင်မေးရင်
ပိုက်ဆံကုန်နေအုံးမယ် ဒါ.. သူ့ လက်ချက်မှန်းသိသား....
ဂါဝန်ကကြိုးနဲ့ ခုံနဲ့ ကိုတွဲချည်ထားပေးတယ်လေ......


“၈တန်း”နှစ်မှာဒီမိန်းမ ဘယ်လိုလုပ်ပြီး ကြိုးချည်တဲ့ပိုးဝင်သလဲသိဘူး
ကျွန်မလွယ်အိတ်ကကြိုးတွေနဲ့ ဘေးကသူငယ်ချင်းရဲ့လွယ်အိတ်ကြိုးကို
အမြဲတမ်းချည်ထားပေးတယ် ညနေကျောင်းဆင်းလို့ အိမ်ကိုပြေးတော့
မယ်ဆိုရင် လွယ်အိတ်ကချည်နေပြီ အိမ်ကလည်းပြန်ချင် ကြိုးကလည်း
ဖြည်မရနဲ့  နောက်ဆုံးလွယ်အိတ်ကိုတဖက်ဆီ အသားကုန်ဆောင့်ဆွဲ
မှကြိုးကပြတ်ရော.. ဒီလိုနဲ့  ... ကျောင်းမပြီးခင် ကျွန်မတို့ လွယ်
အိတ်တွေဆိုရင် ကြိုးတချောင်းမှမရှိတော့တဲ့ “လွယ်အိတ် ကတုံး” တွေ
ဖြစ်ရော......


ချိုမာတို့ အိမ်က ချမ်းသာတော့ ကားတွေ ၃ စီးလောက်ရှိတယ်
တနေ့  ကျူရှင်သွားဖို့ ကားဂိတ်မှာကားစောင့်နေတုန်း... အဲ့
ဒီနေ့က သူ့ အကိုက သူ့ ကို ကားနဲ့ လိုက်ပို့ တယ် .....
ကျွန်မကိုလည်းမြင်ရော ချိုမာကလှမ်းခေါ်တယ် ကျွန်မကလည်း “ နိပ်
ပြီဟ.. ကားခလည်းသက်သာ တိုးစီးစရာလည်းမလိုဘူး(အဟိဟိ) ”
ဆိုပြီး သူတို့ ကားပေါ်ကိုတက်လိုက်တယ်... ပြသနာကစပြီ သူ့ အကို
ကားစက် နှိုးလို့ မရတော့ဘူး.“ ဟိုက်.. ငါတက်လာမှပဲ ကားကတော့လစ်ပြီနဲ့
တူတယ် ” ဘယ်ပြောကောင်းမလဲ “ရန်ကနားလေး ဘူးသီးချက်တာ
ဘေးလေးဆပ် ဘေးလေးဆပ် ” ဖြစ်သွားတာပေါ့ တွန်းပေးလိုက်ရတဲ့
ကား ဖပ်ဖပ်ကိုမော ရင်ဘက်နောက်က ကျော ကိုဖြစ်ရော ကားခထက်
၁၀ ဆလောက်ပိုသွားတယ် ဟူးးးးးးး.. စီးချင်အုံးဟ သူများကားကို....


“ ၉ တန်း ” ရောက်တော့ရွယ်တူ ကောင်မလေးတွေက ပဲပေးနေပြီ
ကျွန်မတို့ ကတော့ ငပြောင်တွေလုပ်နေတုန်းပဲ တနေ့ ကျောင်းကအပြန်
ကျူရှင်သွားရမှာကို ကျူရှင်တန်းမသွားပဲ မြစ်ဆိပ်မှာ သူများငါးဖမ်းလှေ
သေးသေးလေးကို ခိုးပြီး သူငယ်ချင်း ၅ ယောက်လှေခိုးလှော်ဘူးတယ်
ပျော်လိုက်တာ..သီချင်းလေးတောင်အော်ဆိုလိုက်သေးတယ် “လှေကလေး
ကိုလှော်မည် ဘေးမသန်းပဲအေးချမ်းတော့သည် ....” အဲ့ဒီသီချင်း
ကိုဆိုတာ...ဆိုရင်းလှော်ရင်းနဲ့  တော်တော်ဝေးဝေးတောင်ရောက်တယ်
နောက်တော့ ပြန်ရအောင်ဆိုတော့ လှေကိုနောက်ပြန်မလှည့်တက်တော့
ဘူး တစ်ယောက်တမျိုးဆီ ဟိုဘက်လှည့်လှော် ဒီဘက်လှည့်လှော်နဲ့ 
လှေက ရေထဲမှာပတ်ချာလည်နေတာ .. အစပိုင်းတော့ ပျော်ချင်စူးစမ်း
ချင်တာပဲသိတဲ့ကျွန်မ တို့ အုပ်စု ငိုမဲ့မဲ့ဖြစ်လာရော နောက်တော့ ၅
ယောက်သားငိုကြီးချက်မနဲ့ နင့်ကြောင့်သူ့ ကြောင့်တွေဖြစ်လာရော..
တော်သေးတယ် တခြားငါးဖမ်းလှေတွေ ကိုသေလုမတက် အော်ဟစ်
ပြီးအကူညီတောင်းလို့ ရလို့ .. တော်တော်ဆိုးတဲ့ကျွန်မတို့ အုပ်စုပါ
အဲ့ဒီ့နေ့ က ကျူရှင်မှာ ထိုင်ထ အခါ ၃၀ အဟီးးး နဲတယ်နော် အိမ်
ကိုလည်းသတင်းကကြိုရောက်ပြီးသား ကျွန်မအိမ်ကလည်း ကျွန်မကို
သမီးလေးတစ်ယောက်ထဲမို့  ချစ်ရှာပါတယ် .... အိမ်ကိုတောင်လူက
မရောက်သေးဘူး လမ်းမှာတွေ့ တဲ့သူငယ်ချင်းတိုင်းကတော့ “ နင့်
အမေက နင့်ကို ဒုတ်ကောက်ခဲ့ပါတဲ့ ... (အဟင့်ဟင့်...ငိုချင်တယ်)
အိမ်ရောက်တော့ ကျောပြင်လေး ဗြောတင်ခံရတာပဲပေါ့ (အဟင့်ဟင့်)
ကျွန်မတို့ အုပ်စု တခါထဲမှတ်ရော မထင်နဲ့  နောင်လည်း ခဏခဏ
လှေသွားခိုးစီးတယ်.. အဟဲ...ကျွန်မ..ရန်ကုန်မှာကျောင်းတက်တော့
လည်း ကန်တော်မင်္ဂလာပန်းခြံထဲမှာ သူငယ်ချင်းတွေနဲ့ လက်နဲ့ လှော်
တဲ့လှေ ခဏခဏ သွားစီးတယ် ......



ကျွန်မနဲ့ ချိုမာက လှေတင်အလှော်ကောင်းတာမဟုတ်ဘူး လူလည်း
အလှော်ကောင်းတယ် ကျွန်မတို့ ၂ ယောက်စကားအလှော်ကောင်းတာ
အတွဲရသွားတဲ့သူငယ်ချင်းတွေ အများသား... တတွဲကတော့ ကောင်
မလေးအမေသိသွားပြီး ဆရာမကိုလာတိုင်တယ် သေပြီပေါ့၂ ယောက်
သား .... အတန်းပိုင်ဆရာမက အပြစ်ပေးကြမ်းတယ်လေ...
အဲ့ဒီ့နေ့ က ၁ နာရီလောက် အတန်းရှေ့ မှာ ခြေထောက် ၁ ဖက်
ထဲနဲ့ ရပ်ပြီး လက် ၁ ဖက်ကလည်း မြှေက်ထားရတဲ့ပုံစံနဲ့ အပြစ်ပေး
ခံရတယ် အောင်မလေးညောင်းလိုက်တာဘယ်ပြောကောင်းမလဲ မျက်
စိတောင်ပြာတယ်...အဲ့ဒီ့နေ့ ကတည်းကကြောက်ပြီး မှတ်သွားတာပဲ
ဘယ်တော့မှအဲ့ဒီ့အတွဲကို မလှော်ပေးတော့ဘူး တခြားသူငယ်ချင်းတွေ
ကိုပဲလှော်ပေးတော့တယ်... ဆရာမကို ကြောက်တာကိုး.....




ဆက်ပါအုံးမည်ရှင်။

Sunday, December 14, 2008

“အတွေးများစွာနဲ့  ကျွန်မ နေရီနွယ်”

လူရယ်လို့ ဖြစ်လာတဲ့အခါမှာ မွေးကတည်းကနေစပြီး သေတဲ့အရွယ်
အထိပဲ ဝမ်းနည်းတာ ဝမ်းသာတာ ဆာလောင်တာ ချစ်တာ မုန်းတာ
စိတ်ပျက်အားငယ်တာ ဒေါသဖြစ်တာတွေဟာ လူ့ သက်တမ်းတ
လျှေက် လုံးမှာအချိုးကျကျရော အချိုးမကျရော တလှည့်စီခံစား ကြ
ရပါတယ် နာကျင်ဝမ်းနည်းလွယ်တာ စိတ်ပျက်အားငယ်လွယ်တာ တွေ
ကတော့ ကိုယ့်ကိုချစ်တဲ့သူတွေ ကိုယ်ကချစ်တဲ့သူတွေ နဲ့ ဝေးတဲ့အခါ
မျိုး မှာပိုဖြစ်လွယ်မယ်လို့ ထင်ပါတယ် ကျွန်မကပညာရှင် လည်းမဟုတ်
တော့ လူတွေရဲ့စိတ် ခံစားချက်ကို တပ်အပ်တော့မပြောနိုင်ပါဘူး ဒါပေ
မယ့် ကျွန်မထင်တယ် ကျွန်မလည်းလူသားထဲက လူသားတစ်ယောက်
ပဲ မို့ ကျွန်မရဲ့စိတ်မှာခံစား နေရတာမျိုး ကျွန်မနဲ့ ဘဝတူ(အထူးသဖြင့်
မိန်းကလေး) တွေလည်းကျွန်မလို မခံစားရရင်တောင် ကျွန်မလောက်
နီးနီး စိတ်ခံစားချက်မျိုးရှိ မယ်လို့ ထင်ပါတယ်........


ကျွန်မလေ မိဘရင်ခွင်နဲ့ အရမ်း ဝေးတဲ့တခြားတစ်နိုင်ငံကို ရောက်တော့
ရောက်ရောက်ခြင်းတုန်းကဆိုရင် ညဘက်မိုးချုပ်မှာ ညအိပ်ရာဝင်ရမှာကို
ကြောက်တယ် ပြီးတော့မနက်မိုးလင်း လို့ အိပ်ရာမှနိုးလာ ရင်လည်း
မျက်လုံးဖွင့်ရမှာ ကိုအရမ်းကြောက်မိတယ်...“ငါမျက်လုံးဖွင့် လိုက်ရင်
အဖေ၊ အမေ နဲ့ ငါချစ်ရတဲ့သူ တွေကိုမတွေ့ ရဘူး။ ပြီးတော့ ဘာမှ
မရှိတဲ့ ဟင်းလင်းပြင်ကြီးထဲမှာ ငါတစ်ယောက်ထဲရောက်နေသလိုပဲ”
ဆိုတဲ့အတွေး အမြဲဝင်လာတယ်။ ရင်တစ်ခုလုံးလစ်ဟာပြီး လူကအသက်
မဲ့သလိုခံစားရတယ်။ အဲ့ဒီအခါမှာတော့ ကိုယ့်စိတ်ကို မနည်းတည်ငြိမ်
အောင်ထိန်းရတယ် ပြီးမှအိပ်ရာကထပြီး လုပ်စရာရှိတာလုပ်နိုင်တော့တယ်


အဲ့ဒီလိုပဲ မနက်ကျောင်းသွား ရတာကိုစိတ်မညစ်ပေမယ့် အတန်းပြီးလို့ 
အိမ်ပြန်ချိန်ဆို စိတ်ညစ်ပြန်ရော.... “ ငါအိမ်ပြန်ရောက်ရင် ငါ့ကိုချစ်
တဲ့သူတွေ ဂရုစိုက်မဲ့သူတွေ တစ်ယောက်မှမရှိသလို ငါ့ကိုကြိုမယ့်သူ
တောင် တစ်ယောက်မှမရှိပါလား” ဆိုပြီး အလိုလိုအားငယ်ပြန်ရော..
အိမ်အပြန်ခြေလှန်းတွေက အားမရှိသလို အရမ်းပဲနှေး ကွေးလွန်းတယ်
ကျွန်မငယ်ငယ်တုန်းက ဆိုရင် ညနေကျောင်းဆင်းလို့ အိမ် ကိုပြန်ရောက်
ရင်အဖေနဲ့ အမေကိုအရင်တွေ့ ရမှကျေနပ်တယ် မတွေ့ ရင်တော့ အိမ်ရှိ
လူအကုန်လုံးကို လိုက်မေးတယ် သေချာတဲ့အဖြေ မရလို့ ကတော့ အား
လုံးကိုစိတ်ကောက်ပြီး ဘယ်သူ့ ကိုမှစကားမပြော တော့ပဲခပ်မှောင်မှောင်
ချောင် တစ်ချောင်မှာ သွားငိုတယ် ငယ်ငယ်ထဲက အကျင့်က ကြီးတဲ့အ
ထိတော့မပျောက်သေးဘူး .....


ကျွန်မအတွေးတစ်ခုဖြစ်မိတယ်... ကျွန်မတောင် အဖေ၊ အမေ သက်ရှိ
ထင်ရှားရှိပြီး ခုလိုလေး အဝေးမှာနေရရုံ နဲ့ ဒီလောက်ထိဝမ်း နည်းမှု့တွေ
ဖြစ်နေရတယ် ဆိုရင်... အဖေ အမေလည်း မရှိ ဂရုစိုက်မယ့်သူ ချစ်
ခင်မယ့်သူ ကြင်နာဖေးမ မယ့်သူ အင်မတန်ရှားတဲ့ မိဘမဲ့ဂေဟာ က
ကလေး တွေဆိုရင် ကျွန်မထက်ကို ပိုပြီး အားငယ် အထီးကျန်မှု့ နဲ့ 
ဝမ်းနည်းမှု့တွေ သူတို့ လေးတွေရဲ့ရင် ထဲမှာရှိမှာပဲနော် .. ကျွန်မသိသ
လောက်က တော့မိဘမဲ့ ဂေဟာက ကလေးတွေတော်တော် များများဟာ
စိတ်ဓါတ် ရေးရာမှာ အားနဲမှု့တွေ ရှိနေကြတယ်... ဒါကလည်း သူတို့ 
ဟာ အေးမြပြီး လုံခြုံနွေးထွေးတဲ့ မိဘရင်ခွင်မရှိခဲ့ရသလို ဆွေမျိုးသားခြင်း
တွေနဲ့  တခြားသူတွေရဲ့ ချစ်ခင်ကြင်နာ မှု့ကိုမှ မရကြပဲလေ.....


တချို့ ကလေးတွေဆိုရင် မိဘ ၂ ပါးလုံးသက်ရှိထင်ရှား ရှိနေပါရက်နဲ့ 
မိဘမဲ့ဖြစ်နေတာတွေလည်း ရှိတယ်( ငယ်ငယ်ရွယ်ရွယ် ဆတ်ကော့ လတ်
ကော့လေးတွေ ထိမ်းမနိုင်သိမ်းမနိုင်တွေဖြစ် အဖေတာဝန် ယူရမယ့်ကောင်
လေးက တာဝန်မယူ လို့ မိဘမဲ့ဖြစ်ရတာတွေ) ကျွန်မ ဟိုတလောက ရုပ်
သံ အစီစဉ် မှာ မိန်းကလေးတွေ ငယ်ငယ်ရွယ်ရွယ် နဲ့ ကိုယ်ဝန်ရပြီး ဒုက္ခ
ရောက်ရတဲ့ ပညာပေး အစီစဉ် ကြည့်လိုက်ရတယ်...... ကောင်မလေး
တွေ ၁၅ ၁၆ လောက်နဲ့ ကိုယ်ဝန်တွေ ရကြတယ် တချို့ ( တော်တော်
နဲတယ် ) ကောင်လေးက တာဝန်ယူလို့ လက်ထပ်ကြတယ် အများစုက
တော့ဆေးရုံတက် ပြီးကိုယ်ဝန်ကိုဖျက်ချကြတယ် တချို့ ကတော့ ကလေး
ကိုမွေးပြီးတော့ မိဘမဲ့ဂေဟာ ကိုပို့ ပစ် လိုက်ကြတယ် .. ဆတ်ဆော့
ကြတဲ့သူတို့ တွေ ကိုပဲအပြစ်တင် ရမလား ကလေးတွေရဲ့ အတိတ်ကံ ကို
ပဲအပြစ်ပုံ ချရမလားပဲ.... ဒါပေမယ့် ဒီဖြစ်ရပ်တွေဟာ ဘယ်သူ့ အတွက်
မှကောင်းကျိုးဖြစ်မလာဘူး ဆိုတာကတော့ အသေချာပါပဲ....


ကျွန်မသူငယ်ချင်းတစ်ယောက် ဆိုရင် သူငယ်ငယ်က သူ့ အိမ်ရဲ့စီးပွါးရေး
အခြေနေကြောင့် သူ့ အဖွားတွေနဲ့ လိုက်နေရတယ် သူ့ ကိုကြည့်လိုက်
တိုင်းအထီးကျန်နေသလိုပဲ သူ့ ကိုယ်သူလည်းသိမ်ငယ်နေသလို ကိုယ့်ကို
ကိုယ်ယုံကြည် ချက်မရှိတဲ့သူလိုပဲ သူ့ ကိုကြည့်လိုက်တိုင်း ရွှင်ရွှင်လန်းလန်း
ဘယ်တော့မှမရှိဘူး ..... ကျွန်မသိသလောက်ကတော့..ငယ်ရွယ်နုနယ်
တဲ့ လူတိုင်း (အများအားဖြင့် ပုံသွင်းလို့ ကောင်းတဲ့ နုနယ်တဲ့ကလေး )
တိုင်းအတွက် လုံခြုံနွေးထွေးတဲ့မိဘ ရင်ခွင်ဟာအရမ်း လိုအပ်ပါတယ်
ဂေဟာက ကလေးတွေအတွက် နွေးထွေးစွာဆုပ်ကိုင်အားပေးမယ့်
လက်တွေ. စာနာ ကြင်နာ တဲ့စကားတွေ အားပေးဂရုစိုက်တဲ့ စကားတွေ
သူတို့ အတွက် ဂရုဏာရှင် မေတ္တာရှင် တွေအရမ်း လိုအပ်မယ်လို့ 
ကျွန်မထင်ပါတယ်.. သူတို့ ရှင်သန်လာရတဲ့ဘဝလမ်းမှာ သူတို့ ရရှိခဲ့တဲ့
ချစ်ခြင်းမေတ္တာ ဟာ အရမ်း ပဲနည်းလွန်းလို့ လေ ......



အခုတော့ ကျွန်မ မိဘတွေနဲ့ ဝေးပြီး အထီးကျန်တယ်လို့ ခံစားပြီး ဝမ်းနည်း
ရတဲ့အချိန်တိုင်းမှာ.... အော်.. ငါ့မှာ မိဘတွေ သက်ရှိထင်ရှား ရှိနေပါ
သေးတယ်.. ငါ. မိဘတွေရဲ့ မေတ္တာကိုလည်း အပြည့်အဝခံစားခဲ့ရတယ်
.. အခုက ခဏလေး ဝေးနေရတာပါ. မဝေးတော့တဲ့တချိန် မှာတော့
မိဘတွေရဲ့ အေးမြတဲ့ရင်ခွင်ရိပ်မှာ ချစ်ခြင်းတွေနဲ့  အတူ ခိုလှုံ ခွင့်ရမှာပဲ ဆို
ပြီးတော့.... ကိုယ့်ကိုကိုယ် အားပေးတက်နေပါပြီ..........


ကျွန်မလေ မိဘမဲ့ဂေဟာက ကလေးတွေကို နွေးနွေးထွေးထွေး ပွေ့ ဖက်ချင်
တယ် ပြီးတော့ ချစ်ခြင်းမေတ္တာရဲ့သဘောကို သိအောင်လည်း ကျွန်မရဲ့မေတ္တာ
တွေ ကိုသူတို့ အပေါ်ဝေငှချင်တယ်..ဂရုစိုက်သူ မဲ့နေတဲ့သူတို့ လေးတွေရဲ့
စိတ်ထဲမှာလည်း .. သူတို့ အပေါ် ဂရုစိုက်မယ့်သူ.. သူတို့ ကိုအမြဲတမ်း သ
တိရနေတဲ့သူတွေရှိ နေတယ်ဆိုတဲံ အတွေးမျိုးလည်းဖြစ်စေချင်တယ် ဒါက
ကျွန်မရင်ထဲမှာဖြစ်နေတဲ့ စိတ်ခံစားချက်ပေမယ့် ကျွန်မလေ.. နွေးထွေးတဲ့
လက်တစ်စုံပိုင်ရှင် ဖြစ်ချင်ပါတယ်.....

Sunday, November 23, 2008

jhon lennon , Imagine

Imagine - jhon lennon


Imagine there's no Heaven
It's easy if you try
No hell below us
Above us only sky
Imagine all the people
Living for today

Imagine there's no countries
It isn't hard to do
Nothing to kill or die for
And no religion too
Imagine all the people
Living life in peace

You may say that I'm a dreamer
But I'm not the only one
I hope someday you'll join us
And the world will be as one

Imagine no possessions
I wonder if you can
No need for greed or hunger
A brotherhood of man
Imagine all the people
Sharing all the world

You may say that I'm a dreamer
But I'm not the only one
I hope someday you'll join us
And the world will live as one

Tuesday, November 4, 2008

“ကျွန်မအတွေး”

ကျွန်မလေ စာကျက်နေရင်းနဲ့  စာထဲကနေစိတ်လွတ် ပြီးအတွေးတစ်
ခုဆီရောက်သွားတယ် ကျွန်မရဲ့ အတွေးက နိုင်ငံကျော်ရုပ်ရှင်မင်း သား
ဒွေး ဆုံးသွားတဲ့အကြောင်းပေါ့ .... အော် ဒွေးတောင်ဆုံးသွား ပြီ
ပဲ သူတောင်အသက် ၄၀ လောက်ထိနေ သွားရတာပဲ ငါတောင်သူ့ 
လောက်အသက် ရှည်ပါ့မလားမသိဘူး အာပါးပါး ခုခေတ်က လည်း
ငယ်ငယ်ရွယ်ရွယ် နဲ့ သေနေကြတဲ့ ခေတ်ကြီးပဲ ငါတောင်သူ့ လောက်
အသက်ရှည်ပါ့ မလားမသိဘူး ဟူးးးးး ခုနေများငါသေ သွားလို့ 
ကတော့ငရဲပဲ ရောက်မလားပဲ ဒီအသက်ရွယ်ထိ ကျူးလွန်မိခဲ့တဲ့ အကုသိုလ်
နဲ့  ကောင်းမှူ့ ကုသိုလ် နဲ့ ယှဉ်ကြည့်လိုက် ရင်ငါကျူးလွန်မိ ခဲ့တဲ့အကုသိုလ်
တွေတော်တော်များ မယ်ထင်တယ် မသိလို့ လုပ်မိတာ ရှိသလို သိရဲ့နဲ့ 
မရှောင်နိုင်လို့ လုပ်မိ တာရှိတယ် တစ်ခါတစ်လေ သိသိကြီးနဲ့  အကုသိုလ်
ကျူးလွန်တာတွေလဲ ရှိတယ်အောင်မလေး ကြောက်စရာကြီး ပါလားနော်
တရားပြတဲ့ ဆရာတော်တွေဟော ပြောနေတဲ့တရား တွေထဲမှာ သံသရာ
အတွက်ဘာတွေလုပ် ပြီးပြီလဲဆိုတဲ့မေးခွန်း ကိုမေးလေ့ရှိတယ် ကျွန်မကို
မေးရင်တော့အဖြေ မပေးနိုင်သေးပါလား ...............

“မမ” ညီမလေးလေ အတွေးတစ်ခုတွေးမိတယ် အဲ့ဒါက ********
“မမ” ကြောက်စရာကြီး နော် ကျွန်တော်သာခုနေ သေလို့ ကတော့
ငရဲရောက်မယ်နဲ့ တူ တယ်နော် ဟင်ဟုတ်လား? ဘာလုပ်ရမလဲဟင်
အော်ဒါများငါ့ညီမရယ် ငါးပါးသီလလုံ အောင်စောင့်ရင် ငရဲမရောက်တော့
ဘူးပေါ့... အင်းဟုတ်တယ်နော်“မမ” ဒါပေမယ့်သံသရာ အတွက်ဆိုရင်
တော့ဒါလည်း မလုံလောက်သေးဘူး ထင်တယ်နော်............

သူငယ်ချင်းတို့ ရော ကျွန်မရဲ့ခဏ တာအတွေးလေးကို ဘယ်လိုထင်လဲဟင်

Saturday, November 1, 2008

“ ထို သူငယ်ချင်းနဲ့ ကျွန်မ ငြိတွယ်ခြင်း”

လွမ်းမိသမျှတွေကိုရေးရမယ်ဆိုရင်တော့State တုန်းကအဖြစ်လေးတွေက
တသက်မေ့နိုင်မယ်မထင်ပါဘူးဒါကြောင့်သူနဲ့ ပက်သတ်ခဲ့တဲ့ပျော်စရာလေးတွေကို
ပြန်ပြီးရင်မှာခံစားရင်း သူငယ်ချင်းလေးကောင်းရာသုဂတိလားပါစေလို့ 
ဆုတောင်းပေးရင်း….သူ့ နာမည်က ချိုမာလွင်.. ကျွန်မနဲ့ကျောင်းနာမည်
တစ်လုံးထဲလွဲတယ် နာမည်ကြားရင်တော့ညီအမလိုလိုဘာလိုလိုဒါပေမယ့်
မတည့်အတူတွဲတဲ့ သူငယ်ချင်း သူနဲ့ စသိတာ ၄ တန်းအောင်
လို့ ၅တန်းကို အထက်တန်းကျေုာင်းအထက(ရ) ကိုပြောင်းတော့တွေ့ 
တာသူမကမူစလင်မလေးငယ်ငယ်တုန်းကတော့တစ်ယောက်နဲ့ တစ်ယောက်
ဘာသာရေးနဲ့ ပတ်သက်ပြီးနိုင်အောင်ပြောပြီးရန်ဖြစ်နေကျ..သူနဲ့ 
ပတ်သက်တဲ့အရာတွေကတော့ ၅တန်းကျောင်းသူဘဝကနေ ၁၀ တန်းအောင်တဲ့
အထိပဲတ္ကသိုလ်တက်တော့သူမကမော်လမြိုင်ကွန်ပျူတာတက္ကသိုလ်တက်ပြီး
ကျွန်မက ရန်ကုန်စီးပွါးရေးတက္ကသိုလ်ဆက်တက်တော့အဲ့ဒီကျမှကွဲသွားကြတာ
ဒါတောင်ကျွန်မ ကျောင်းပိတ်ရက်အိမ်ပြန်ရင်သူနဲ့ တွေ့ ပြီး ရန်ဖြစ်နေကျ

၁။ ၅ တန်းကျောင်းသူ ကျွန်မကျူရှင်တက်တယ် သူနဲ့ အတူတူ. တစ်နေ့ 
အဲ့ဒီ့နေ့ က စနေနေ့  ညနေခင်း ရေချိုးပြီးကျူရှင်သွားတယ်. ချိုမာက
ကျွန်မကိုလာခေါ်တယ် အဲ့ဒီနေ့ ကကျွန်မကပဲများပြီး ဘောင်းဘီရှည်ဝတ်တယ်
အရောင်က ခြေတစ်ဖက်ကို ၃ ရောင်စပ် ၂ ဖက်ဆိုတော့ အရောင်က ၆ ရောင်
.. ပဲများချင်တဲ့ကျွန်မ စပြီးတော့မျက်စိနောက်ခံရတာ ရပ်ကွက်ထဲက ခွေး
တစ်အုပ် ပြီးတော့သူတို့ ရဲ့သြဘာသံနဲ့ ရပ်ကွက်ထဲက နေလွန်လာတယ်
ကိုယ့်ရပ်ကွက်ကခွေးတွေဆိုတော့သိပ်ပြသနာမရှိဆရာမတို့ ရပ်ကွက်ရောက်တော့
ခွေးတစ်ကောင်လိုက်ဟပ်တာ ဆရာမအိမ်ကိုဘယ်လို ရောက်မှန်းမသိရောက်သွားတယ်
ဟိုရောက်တော့မျက်ဖြူတောင်လန်ချင်တယ် လန့် ကလည်းလန့် မောကလည်းမောနဲ့ 
ခြေသလုံးအသားမပါသွားတာတော်သေးတယ်

၂။ ၆ တန်းကျောင်းသူ ကျွန်မ ကျူရှင်အမြဲနောက်ကျလေ့ရှိတယ်
ကျွန်မအချိန်နောက်ကျတက်တာက ငယ်ငယ်ထဲကနေခုထိပဲ ခုလည်းအမြဲ
ပဲကျောင်းပဲသွားသွား အလုပ်ကိစ္စပဲသွားသွားအမြဲနောက်ကျတယ် အဲ့ဒီ့အကျိုးက
တော့လမ်းမြန်မြန်လျှေက်တက်လာတယ် အပြေးတစ်ပိုင်းနဲ့ 
သွားတက်လာတယ်..အဲ့ဒီ့ နေ့ က မနက်ဖက်ကျူရှင်တက်ရတယ်..
အအိပ်မက်တဲ့ ကျွန်မကျူရှင်ချိန်နီးမှ အိပ်ရာကနိုးတယ် ကမန်းကတန်း
မျက်နှာသစ်အဝတ်စားလဲတယ်အဲ့ဒီတုန်းက ခေတ်စားနေတဲ့ A စကပ်အရှည်
(အမေ့ကိုအတင်းပူဆာပြီးချုပ်ထားတဲ့ တစ်ထည်တည်းသောစကပ်) ကိုဝတ်လိုက်တယ်
အဲ့ဒီ့နေ့ ကမိုးကလည်းရွာနေတယ် အိမ်ကနေစထွက်တော့ ဘာမှမ ဖြစ်သေးဘူး
ကျူရှင်ချိန်ကလည်း နီးနေတော့ ခြေလှန်းကို ခပ်ကျယ်ကျယ်လေးလှန်းတယ်
မိုးကလည်းသဲပါတယ် လေကလည်းပါတယ် စပြီပြသနာစကပ်အောက်
နားဆီကနေ တဗြိဗြိနဲ့  ပြဲသံကြားနေရတယ် ဂရုမစိုက်အားသေး
ခြေလှန်းကိုကျယ်နိုင် သမျှကျယ်အောင်လှန်းတုန်း စကပ်အောက်နားက
ပြဲနေတာတော့သိတယ် မခွဲထားတဲ့ကျွန်မစကပ် ကျူရှင်လည်းရောက်ရော
ပတ်ပတ်လည်ကိုပြဲရော အရှည်ဆုံးအပြဲကြောင်းက ဒူးအထိရှည်တယ်..
ချိုမာလွင်ဆိုကျွန်မကိုရီတာ ဒီမိန်းမ အူတောင်နိုပ်နေရတယ် ပြီးတော့ပြောသေးတယ
် နင်ကရုပ်ရှင်ထဲကလူရိုင်းမတွေကိုအားကျလို့ စကပ်ကိုဖွာလန်ကျဲအောင်ခွဲထားတာလားတဲ့

၃။ ၇တန်း ရောက်တော့လဲ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့  သူနဲ့ တခန်းထဲကျပြန်ရော
တစ်နေ့ သီတင်းကျွတ်ဘုရားပွဲ ညည့်နက်အောင်ကြည့်ပြီး နောက်နေ့ အတန်းထဲမှာ
ကျွန်မအိပ်ပျော်ပါတယ် အဲ့ဒီနေ့ ကဘုရားပွဲတွေနဲ့ ဆိုတော့ ဆရာတွေလည်း
သိပ်မဝင်ပါဘူး ဘယ်လောက်ထိတောင်အိပ်ပျော်လည်းဆိုရင် ချိုမာ တို့ အုပ်စု
ကျွန်မကိုကြောင်မျက်နှာလုပ်ပေးတာတောင်မသိတဲ့ အဖြစ်ပါ မျက်နှာတစ်
ခုလုံးကို မှင်အနီတွေရော အပြာတွေရော ရောင်စုံနဲ့ ကြောင်ရုပ်ဆွဲထားပေးပါတယ်
တော်တော်ဆိုးတဲ့မိန်းမ တော်ပါသေးတယ် ခွေးရုပ်မဆွဲပေးတာ အဲ့ဒီ့နေ့ က
အိမ်အပြန်လမ်းမှာ လူအကြည့်အခံရဆုံးနေ့ အဖြစ်တော့ မှတ်တမ်းဝင်တာပေါ့လေ.
ဂရင်းနစ်စံတော်ချိန်တော့မဟုတ်ပါဘူး ဟားဟား

၎။ ၈ တန်းတက်တော့ လူက လူကြီးတစ်ပိုင်းကလေးတစ်ပိုင်းနဲ့  ၂ ပိုင်း
ဖြစ်နေတဲ့အရွယ်ပေါ့တစ်နေ့ ကျောင်းမှာဆရာကန် တော့ပွဲရှိတော့ ချိုမာက
၈တန်းသင်တဲ့ဆရာ ဆရာမတွေအားလုံးကို Max အချိုရည်တိုက်မယ်ဆိုပြီး
ကျွန်မကိုလာ တိုင်ပင်တယ် အဲ့ဒီမှာကျွန်မက နင်အချိုရည်တိုက်မယ်ဆိုရင် ငါက
ငါးမုန့် ကြော်မယ်လေ ဆိုပြီးသူငယ်ချင်း၂ ယောက်ဗြုန်းစားကြီးထလုပ်
ပါရောအဲ့ဒီ့နေ့ ကကျောင်းတက်နေရင်းနဲ့ (အဲ့ဒီလိုနေ့ မျိုးဆိုရင် ဆရာတွေစာမသင်ပါ)
ဆရာမကို ကိုယ်ရဲ့အစီစဉ်တွေတင်ပြရင်း ကျွန်မက အိမ်ပြန်ပြီးငါးမုန့် ကြော်ဖို့ 
ခွင့်တောင်းတော့ ဆရာမ ကခွင့်ပေးပါတယ် မနက် ၁၀ နာရီကတည်းကအိမ်ပြန်ပြီးငါးမုန့် 
ကြော်တာ ၁၂ နာရီလောက်ထိပြန်မလာသေးတော့ ဆရာမက တစ်ခြားကျောင်းသူတွေကို
ကျွန်မဆီလွှတ်ပြီး စုံစမ်းခိုင်း ရတဲ့အဖြစ်ပါ ဒါနဲ့ အိမ်မှာကျောင်းသူတွေတရုန်းရုန်းနဲ့ ငါးမုန့် 
ကြော်ပေါ့လေ. ချိုမာကတော့အေးဆေးပေါ့ သူက အချိုရည်ကို ဝယ်လိုက်တာနဲ့ ရပြီလေ
ကျွန်မမှာသာ အိုးမဲ ဆီချေး ထူလပြစ်နဲ့ ကျောင်းပြန်ရောက်တော့ ၁ နာရီထိုးပြီဆရာမတွေက
၂ နာ၇ီထိုးမှစားရတယ် အဲ့ဒီနေ့ ကကျောင်းအင်္ကျီအဖြူဆိုရင်လက်သုပ်ပဝါ
နီးပါးကိုဖြစ်ရောမလုပ်တက်လုပ်တက်နဲ့ လုပ်ရလို့ ပါ အဖေနဲ့ အမေက
အလုပ်သွားနေတာဆိုတော့မီးဖိုချောင် တစ်ခုလုံးအဲ့ဒီ့နေ့ ကဗြောင်းဆန်တာပေါ့
အိုးမဲထူလပြစ်နဲ့ မျက်နှာက အဲ့ဒီ့နေ့ ကလည်းလူကြည့်ခံရတဲ့ နေ့ ဖြစ်ပြန်တာပေါ့လေ….




ဆက်ပါအုံးမည်

Wednesday, October 1, 2008

“ပျော်စေချင်ပါတယ်”

မနေ့ ညတုန်းက အိမ်ထဲမှာပူအိုက်လို့ အိမ်ပြင်ထွက်ပြီးလမ်းလျောက်ခဲ့တယ်
အမတစ်ယောက်နဲ့ အိမ်ကနေ ထွက်တုန်းကတော့မိုးကမရွာပဲ လမ်းတစ်ဝက်လောက်မှ
မိုးကရွာလာရောနှစ်ယောက်သားအမိုးအကာတွေကြားထဲကနေအိမ်ဘက်ကို
လမ်းပြန်လျှောက်လာရတယ်မိုးငွေ့ အေးအေးလေးနဲ့ လမ်းလျှောက်ရတာအရမ်းပဲ
အိမ်လွမ်းတဲ့ ဝေဒနာတွေဖြစ်ရတယ်မိုးရွာလို့ အရမ်းလဲပျော်တယ်ဒါနဲ့ ပဲ


အိမ်နားလဲရောက်ရောမိုးကတိတ်သွားရောနှစ်ယောက်သားအိမ်ပေါ်မတက်
ချင်သေးတာနဲ့ ပဲ တစ်ခါနောက်ကြောင်းပြန်လှည့်ပြီးထပ်လျှောက်ပြန်တယ်
်လျှောက်နေရင်းနဲ့ ခုနကမိုးစရွာတဲ့နေရာလည်းရောက်ရော မိုးကပြန်ရွာလာရော
နှစ်ယောက်သားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးရယ်မိသေးတယ်
ကျွန်မကတော့ပျော်တာပဲသိတယ်ဒါနဲ့ ကျွန်မကမမရေ ညီမလေးကတော့မိုးရေထဲမှာ
ပြေးတော့မယ်လို့ ပြောတော့သူက ညီမလေးက ဒီနေ့  မှနေကောင်းပျောက်ကာစ
ရှိသေးတယ်လေ မိုးရေအစို မခံပါနဲ့ လို့ ပြောပါတယ် ဒါပေမယ့်ကျွန်မ မိုးရေထဲမှာ
လမ်းမလျှောက်တာကြာလို့ လားမသိဘူး မိုးရေထဲမှာအရမ်းပဲ လမ်းလျှောက်ချင်မိတယ်


်ဒါနဲ့ မမရေ ကျွန်မကတော့ဘာမှမသိတော့ဘူး မိုးရေထဲမှာ ပြေးပြီးအိမ်ပြန်တော့မယ်
မမရော ကျွန်မနဲ့ အတူတူ မိုးရေထဲပြေးမှာလားလို့ မေးပြီးကျွန်မက စပြီးမိုးရေထဲမှာပြေးတယ် သူကလည်းနောက်ကနေပြေးပြီးလိုက်လာတယ်ပျော် လိုက်တာရှင်ကျွန်မဒီလိုမိုးရေ ထဲလမ်းလျှောက်တာ
မိုးရေထဲမှာပြေးပြီးအိမ်ပြန်ရတဲ့အရာတွေနဲ့ ဝေးတာကြာနေပြီ.. ကျွန်မအရမ်းပျော်မိတယ်
မမနဲ့ ကျွန်မနှစ်ယောက်သားမိုးရေထဲမှာပြေးရင်းနဲ့  ပျော်လွန်းလို့ အရမ်းရီဖြစ်ကြတယ်
ကျွန်မက မမ ပျော်ရဲ့လားလို့ မေးတော့ ..အင်း အရမ်းပျော်တယ်တဲ့တစ်ခါတစ်လေ
စိတ်ညစ်စရာတွေမေ့ထားပြီး ဒီလိုလေးစိတ်လွတ်ကိုယ်လွတ်ပျော်ချင်လိုက်တာတဲ့
လောကမှာကြုံရတဲ့စိတ်ညစ်စရာတွေကိုခဏ လောက်မေ့ထားပြီးတော့ အပူပင်မရှိတဲ့စိတ်လှုပ်ရှားမှု့ 
လေးတွေနဲ့  ဟန်ဆောင်မှု့ ကင်းတဲ့ရယ်ရွှင်မှု့ လေးတွေနဲ့ နေရတာ အရမ်းကိုစိတ်ပေါ့ပါးမှု့ 
ရသွားတာပဲတဲ့ ..


ကျွန်မကတော့အရမ်း ပျော်တာပဲသိတယ် နေမကောင်းထပ်ဖြစ်မှာ
လဲကြောက်ပါဘူးဆေးသောက်ရင်ပျောက်သွားလိမ့် မယ်..
သူငယ်ချင်းတို့ လဲတစ်ခါတစ်လေ စိတ်ညစ်စရာတွေ
ွလောကဓံရဲ့ စိတ်ပျက်စရာတွေ တွေ့ ရင် တစ်ခါတစ်လေလောက် သဘာဝက
ရတဲ့ပျော်ရွှင်မှု့ လေးတွေနဲ့ စိတ်လွတ်ကိုယ်လွတ်ပျော်ရွှင်ကြည့်ပါလား
ပေါ့ပေါ့ပါးပါးစိတ်ထဲရှိသလောက်ရီကြည့်ပါလားသီချင်းတွေကို ခပ်ကျယ်ကျယ်လေး
အော်ဆိုကြည့်ပါလား ကောင်းကင်ကြီးကိုမော့ကြည့်ပြီး ဒါမှမဟုတ် ရေပြင်ကြီးကိုကြည့်ပြီး
ဒါမှမဟုတ် ကြယ်လေးတွေပဲဖြစ်ဖြစ်
လမင်းကြီးပဲဖြစ်ဖြစ်တောင်တန်းကြီးတွေကိုပဲဖြစ်ဖြစ် အရင်းနှီးဆုံး
သူငယ်ချင်းတစ်ယောက်လိုသဘောထားပြီးစကားတွေအကျယ်ကြီးပြောကြည့်ပါ
လား စိတ်ညစ်စရာလေးတွေ အနဲငယ်လောက်တော့သက်သာမယ်ထင်တယ်


ကျွန်မကတော့ညကမိုးရေထဲမှာပြေးပြီးအိမ်ပြန်ရင်းနဲ့ အမနဲ့ စကားတွေလဲအကျယ်ကြီးပြောတယ်
စိတ်ထဲမှာပျော်သလောက်လဲ ရီဖြစ်တယ် သီချင်းကိုလည်းခပ်ကျယ်ကျယ်လေးဆိုဖြစ်တယ်
်ထိုခဏမှာတော့စိတ်ညစ်စရာအားလုံးသူ့ 
အလိုလျှောက်မေ့သွားတယ် ကျွန်မထိုခဏအရမ်းပျော်မိတယ် သူငယ်ချင်းတို့ 
တွေအားလုံးကိုလည်း ပျော်ရွှင်မှု့ တွေရစေချင်ပါတယ် အားလုံးပဲပျော်ရွှင်ကြပါစေရှင်

Thursday, September 25, 2008

“မာယာမဲ့ဟန်ဆောင်ခြင်း”

အနက်ရှိုင်းဆုံးငြိတွယ်
အထိနာလှတယ်ရင်ထဲ
အသိစိတ်ကရှောင်ခွါပြေးတယ်။


ညညအိပ်မပျော်
တစ်ယောက်ထဲကောင်းကင်ငေးတယ်။
အသက်ရှူလည်းကျပ်သေး
အာရုံကတစ်နေရာထဲကပ်ငြိ
ပါးနှစ်ဖက်မျက်ရည်မြစ်စီးတယ်။


ကြင်သူကိုလည်းမသိစေချင်
ခင်သူကိုလည်းမသိစေချင်
ဘယ်သူ့ ကိုမှမသိစေချင်ဘူးကွယ်။


ဟန်ဆောင်ကာနေရတဲ့ဘဝ
ဦးနှောက်က နှစ်နေရာခွဲတယ်။
နှလုံးသားအတွက်အချစ်
ရုပ်သွင်အတွက်တစ်စိမ်း။


စိတ်နဲ့ ခန္ဓာတထပ်ထဲမကျရတဲ့ဘဝ
နေသာနေရ ရူးချင်လှတယ်
ကြင်သူကိုလည်း အပြစ်မမြင်
ခင်သူကိုလည်း မငြိုငြင်ပါ။


စိတ်တွေကလည်း မတည်ငြိမ်သေး
တခါတခါ
အချစ်တွေတိုးထွက်လို့ 
အလွမ်းတွေလွှမ်းခြုံလာရင်
ဟန်ဆောင်လို့ တောင်မရ
လူရှေ့မှာတောင်မှိုင်တွေငေးတယ်။


ပိန်းပိတ်အောင်မှောင်နေတဲ့အခန်းထဲ
ကြင်သူကိုလွမ်းလှလည်း
တိုးတိတ်တဲ့ ငိုရှိုက်သံ
ခင်သူမကြားအောင်ကြိုးစားမြဲ။

“အလွမ်း”

အလွမ်းတွေကိုစာစီ
ကဗျာရေးမည်ဆိုမှ
ကာရန်တွေကမညီ
လွမ်းသမျှကိုလိုက်မမီ။

အလွမ်းတွေကိုရေးမှတ်
တေးစပ်လို့ ဆိုတော့လည်း
သံစဉ်တွေကလိုက်မမီ
သီချင်းတပုဒ်မမည်။

အလွမ်းတွေကိုစီရီ
ဇာချဲ့ လို့ ဝတ္ထုရေးပြန်တော့
စကားလုံးတွေကရှေ့ နောက်မညီ
ခံစားချက်ကိုလိုက်မမီ။

ကဗျာ၊တေးထပ်
ဝတ္ထုစပ်လို့ မရတော့
အလွမ်းကိုမုန်းလို့ 
အမုန်းကိုပဲလွမ်းလိုက်ချင်ပါတယ်။

“မာယာကျော့ကွင်း”

အတ္တရောင်က တပြောင်ပြောင်
မာနဖျားက မိုးထိတက်
လွဲမှားစွာခေါင်းစဉ်တပ်တော့
ရှိသင့်တဲ့ မာနပါတဲ့ ။

အငြိုးကြီးသူ လူတသိုက်
ချည်လိုက်သမျှ ညွှတ်ကျော့ကွင်း
မာယာမကြွယ် သမင်ငယ်
လည်စင်းလို့ ပေးရရှာတယ် ။

ရင်ကိုခွဲလို့  အသဲကိုထုတ်
သီကုံးရင်းပင် သူတို့ ပြုံးတယ်
ပြောပြန်သည်က စကားကြီး
ပညာပေးခြင်း ဖြစ်ပါသည်တဲ့ ။

လုပ်ရက်ခြင်းလို့  မပြောလို
ဆုတောင်းရင်းသာ စိတ်ကဆို
မကြုံစေလို ကိုယ့်ထက်မိုက်သူကို
ထာဝစဉ်သာ ပြုံးနိုင်ပါစေလို ။

Friday, September 19, 2008

လွမ်းလှတယ် “မေမေ”

ဆန်းတော့မဆန်း
လွမ်းတော့လွမ်းမိ
ကျွမ်းကျွမ်းဝင်ဝင်
မျှော်လင့်ကာတမ်းမိတော့
လွမ်းမိသည့် အမေ့အိမ်….။


ဆိတ်ငြိမ်လှတဲ့ဘဝဂ်ဘုံ
အားသစ်စုံအောင်ရပေသည်။
မျက်ဝန်းညိုရင်ကိုအေးရတယ်
ရင်ထဲကိုခိုဝင်ကာတိုးမိရင်ဖြင့်
ကမ်းကုန်အောင်လုံခြုံရပြန်သည်။


ချိုကြည်ရွှင်မေတ္တာပွင့်လို့ 
ရာနှုန်းပြည့်အချစ်တွေရယ်
ခံစားမကုန်အောင်ရပါသေးတယ်။
အမေ့သံချိုဂရုဏာရောရင်ဖြင့်
နှိုင်းယှဉ်စရာသံစဉ်ရှားပါလို့ 
အားပြည့်တဲ့လှတဲ့ဖြစ်အင်။


ဆံနွယ်ကိုယုယစွာသပ်ပေးရင်ဖြင့်
သဲခိုက်ကာမျက်ရည်ဝိုင်းရတယ်
လမင်းထက်သာတဲ့“မေ့”ရုပ်သွင်။


“မေ့”မေတ္တာအကုန်ခံစားသိပေမယ့်
နှိုင်းပြစရာစကားလုံးမရှိပါဘူး
မြင့်မိုရ်နှင့်လည်းမယှဉ်
ဘယ်အရာနှင့်မှယှဉ်ပြဖို့ မမြင်။


ခုများတော့ဖြင့်
စိတ်တွေကမရွှင်
နွမ်းလျှတဲ့ရင်ခွင်
အားသစ်ကိုကိုယ်တိုင်ဖြည့်လို့ 
လှော်ခတ်ရတဲ့ဘဝမြစ်ပြင်
မေတ္တာရှင်“မေ”နဲ့ ဝေးတယ်။
ဂရုဏာရှင်“မေ”နဲ့ ဝေးတယ်။


အတိုင်းမသိအောင်ဆွေးရတယ်
“မေ့”ရင်ခွင်ခိုဝင်ကာနွေးလှချင်တယ်
လွမ်းလွန်းလှတယ်“မေမေ”ရယ်။

လွမ်းစရာလေးဒီ Sunday

စင်္ကာပူနိုင်ငံရဲ့  နေသာတဲ့ တနင်္ဂနွေနေ့ လေးပေါ့…………..
နေမင်းကြီးက သူ့ ရဲ့တာဝန် အတိုင်း ကမ္ဘာလောကကြီး ကိုအလင်းရောင်နဲ့ 
စွမ်းအားတွေ ကို သူရဲ့ခွန်အားရှိသလောက် မျှဝေနေပြီ…. နံနက်ခင်းမှာ
တေးဆိုတက်တဲ့ငှက်ကလေးတွေ ရဲ့အသံကို မကြားရပဲ ကျွန်မအိပ်ရာက
နေနိုးလာတယ် အိပ်ရာက နိုးနိုးခြင်း ချက်ခြင်းမထသေးဘူး ဆက်အိပ်
(ဇိမ်ယူ) အုံးမယ်လို့ တွေးမိတယ် … ဒါပေမယ့် ‘‘ မဖြစ်သေးပါဘူးလေ..
ငါလုပ်စရာတွေရှိသေးတယ် ’’ ပျင်းနေတဲ့စိတ်ကိုမျက်ကွယ်ပြုပြီး
အိပ်ရာကထလိုက်တယ်…. မျက်နှာသစ် .. လျှော်စရာအဝတ်တွေကို
စက်ထဲထည့်ပြီိး watching machine ကိုအလုပ်ပေးလိုက်တယ်…


ပြီးတော့ ဘုရားကျောင်းဆောင်ရှေ့ မှာထိုင်ပြီး ဘုရားရှိခိုးတယ် .. ကျွန်မ
တို့ အိမ်က ဗမာအိမ်ဆိုတော့ ဘုရားကျောင်းဆောင်ရှိတယ်… ဘုရားရှိခိုး
နေရင်းအလယ်တဝက်လောက်မှာ အမေဘုရားရှိခိုးနေတဲ့ ပုံရိပ်က ရင်ထဲကိုရော
အသိစိတ်ထဲကိုရော ဗြုန်းစားကြီးဝင်လာတယ် ရှေ့ဆက်ရမယ့်တရားစာတွေ
ကြက်ပျောက်ငှက်ပျောက်ပဲ လုံးလုံးကိုမေ့သွားရော .. ရင်ထဲကအမေ့ပုံရိပ်ကို
လက်အုပ်ချီလျက်သား စိတ်နဲ့ ထိုင်ကြည့် နေမိတယ် .. ပါးနှစ်ဖက်စလုံးမှာ
မျက်ရည်တွေ စီးနေပြီဆိုတာတော့သိနေတယ်.. ဒါပေမယ့်ဒီမျက်ရည်
တွေကိုတားဆီးချင်စိတ်မရှိဘူးဆိုတာလည်းသေချာနေပြန်ရော.. ‘‘ အမေ
ကျန်းမာပါစေ.. ချမ်းသာပါစေ ရန်သူမျိုး ၅ ပါးမှကင်းဝေးပါစေ.. အနာမျိုး
၉၆ ပါးမှကင်းဝေးပါစေ..စိတ်ချမ်းသာ ကိုယ်ကျန်းမာ……..’’ အမေ့မျက်နှာကို
ကြည့်ပြီး အမေ့ကိုဆုတောင်းပေးနေရင်းနဲ့ ရင်ထဲကဆုတောင်းသံတွေက မပီ
ပြင်တော့ဘူး စိတ်ထဲမှာမွန်းကျပ်ပြီးတော့ လူကမောသလိုခံစားရတယ် အသက်
ရှူလို့ မဝတော့သလိုပဲ.. ရှိုက်သံလေးတောင်အပြင်ထွက်မိသွားတယ်နဲ့ တူတယ်
အမေ့ကိုတော့မှာလိုက်သေးတယ် ‘‘ အမေ သမီး အဖေ့ကိုလည်းအရမ်းသတိရတယ်
အဖေကျန်းမာဖို့ ကိုလည်းနေ့ တိုင်းမပျက်မကွက် ဆုတောင်းပေးနေပါ
တယ်.. လို့ အဖေ့ကိုပြောပေးနော် အမေ ’’


……… ဒါနဲ့ ပဲ ဘုရားကို အစကနေပြန်ရှိခိုးရပြန်တယ်..ဒါပေမယ့် အမေရဲ့
ဘုရားရှိခိုးနေတဲ့ပုံရိပ်က ကျွန်မဘုရားရှိခိုးပြီးသည်အထိပျောက်မသွားခဲ့ပါဘူး
အမေ့ပုံရိပ်ကိုဒီအတိုင်းဆက်ပြီးထိုင်ကြည့်နေလို့ ကတော့ ငုတ်တုတ်ကနေမိုး
ချုပ်သွားနိုင်ပါတယ်…
ဘုရားရှိခိုးပြီးရုံရှိသေးတယ်.. ဘယ်အချိန်ထဲကအချက်ပြဖို့ ချောင်းနေလဲမသိဘူး
အစာအိမ်ရှိတဲ့နေရာက … ဆာ.. တယ်ဆိုပြီးအသိပေးလာတယ်..ဒါနဲ့ မနက်စာ
ကိုထမင်းစားပြီး သမုဒ္ဒရာဝမ်းတထွာကို မျက်နှာလုပ်ပြီး ဖြည့်မယ်လို့ ဆုံးဖြတ်မိ
တယ်..‘‘ ဟင်းတော့ချက်ရအုံးမယ်.. ကိုရွှေဗိုက်ရယ် ခဏတော့စောင့်…
ဟင်း အိုးပြင်လိုက်အုံးမယ် ’’ ……..မော်လမြိုင်အိမ်မှာဆိုရင်တော့.. မနက်စာကို
ညတုန်းက ထမင်းကျန်ရင် အဲ့ဒီထမင်းကြမ်း ဒါမှမဟုတ်ရင် အမေစောစော
ထချက်ထားတဲ့ထမင်းနဲ့ လမ်းထိပ်ကဘူးသီးကြော်ဆိုင်ကအကြော်စုံကိုဝယ်
ပြီးတော့ငပိရည်နဲ့ နွေးထားတဲ့ဟင်းကျန်လေး (ရှိရင်) နဲ့ နယ်ပြီးစားရတာ ကို
အရမ်းသတိရမိတယ်..

စင်္ကာပူကို မရောက်ခင်အချိန်ထိမနက်စာကိုထမင်းပဲ
စားဖြစ်တယ်..တခါတရံ (တော်တော်ရှားတယ်) မုန့် ဟင်းခါးစားတယ်..ကော်ဖီ
တို့ လ္ဘက်ရည်တို့ ဆိုတာ ကိုယ်နဲ့ လားလားမှမသက်ဆိုင်သူလို တစိမ်းဆန်လွန်း
တယ်.. ယောင်လို့ တောင်မစဉ်းစားမိဖူးဘူး..…….. ဟိုက် ..
စဉ်းစားခန်းဝင်နေတာနဲ့ ဟင်းအိုးကပြင်လို့ တောင်မပြီးသေးဘူး
အိမ်ရှင်တွေ ဟင်းချက်ဖို့ မီးဖိုခန်းကိုဝင်လာပြီ……
ချက်မှာက အိမ်ရှင်ဦးလေးကြီး သူ့ ကတော်က ကိုယ်ဝန် အရင့်နဲ့ ဆိုတော့ သူ
လက်စွမ်းပြရမယ့်ကာလ..အခါသမယ…


မီးဖိုခန်းလူရှုပ်တော့မယ်ဆိုတော့ ကျွန်မရဲ့ ပြင်လက်စ ဟင်းအိုးအဖုံး အုပ်ပြီး
မနက်စာအတွက် ကော်ဖီတစ်ခွက် ပေါင်မုန့် အလွတ် ၂ ချပ် လက်ကဆွဲပြီး
ကျွန်မရဲ့ ပျော်မွေ့ ရာအခန်းကျဉ်းလေးထဲကို ( မလိုက်ချင်တဲ့ ခြေထောက်တွေကို
ဂရုမစိုက်ပဲ ) ဝင်ပြီး… ဗိုက်ထဲကမျက်နှာ ရှစ်ခေါက်ချိုးနဲ့ ထင်တိုင်းသောင်းကျန်း
နေတဲ့ ပိုးမျိုးပေါင်းသောင်းခြောက်ထောင်တိတိကို နှိမ်နင်းရတော့တယ် ( သူတို့ 
ခေတ်ဆိုတော့ စိတ်ရှိတိုင်းလုပ်ပါစေ ) သူတို့ လည်းကျွန်မလို ပဲ ထမင်းကြမ်း
ဘူးသီးကြော် ငပိရည်တို့ ကို လွမ်းနေလောက်ပါရဲ့ ……..


ကော်ဖီနဲ့ ပေါင်မုန့် မျက်နှာကို စေ့စေ့မကြည့်ပဲ မျက်နှာကိုအသာလွှဲထားပြီး
(လုံးဝမကြည့်တာမျိုးလဲမလုပ်ရဲပါဘူး ဖိတ်ကုန်ရင်သိမ်းရဆည်းရနဲ့ အလုပ်က
ရှုပ်အုံးမယ် ) ပါးစပ်နဲ့ လည်ချောင်းကို ခပ်ကျယ်ကျယ်လုပ်ထားပြီး ပေါင်မုန့် ကို
ကော်ဖီနဲ့ မျှောချရတယ် စားသာစားနေရတယ် စားချင်စိတ်ကိုကုန်နေပြီ (မနက်
တိုင်းဒါကြီးပဲစားနေရလို့ ) ၁၀ တန်းသင်ရိုးထဲက ရေသည်ပြဇတ် ကိုသွားသတိ
ရမိသေးတယ်.. ကြမ်းထော်နေတဲ့ထမင်းကို ချည်ပေါင်ဟင်းရည်နဲ့ ခြေစုံကန်ပြီး
မျိုရသလိုပါပဲ.. ကျွန်မရဲ့ ကော်ဖီနဲ့ ပေါင်မုန့် လဲ ဒီအတိုင်းပါပဲ ရှင် ….ကျွန်မထင်
တယ်…. ဆန်ကြမ်းထမင်းကို ချည်ပေါင်ဟင်းရည်နဲ့ ခြေစုံကန်မျို ချ ရတာကျွန်မ
ရဲ့ ကော်ဖီနဲ့ ပေါင်မုန့် ကို ခြေစုံမကန်ပဲမျိုချရတာထက် အဆပေါင်းများစွာ အရ
သာရှိမယ်လို့ ….ဒီမနက်လည်း ကျွန်မရဲ့ အစာအိမ်ကို သမရိုးကျအတိုင်း ကော်
ဖီနဲ့ ပေါင်မုန့် နဲ့ ပဲ နှစ်သိမ့်လိုက်ရပြန်ပါတယ်… နောက်တပတ်တနင်္ဂနွေလို့ တော့
ဂတိပေးလိုက်ရပြန်တာပေါ့လေ…


အိမ်ရှင်တွေထမင်းဟင်းကျက်ပြီးတဲ့အချိန်လောက်မှကိုယ့်ဟင့်အိုးကိုသွားပြန်
ချက်ရတယ် ပြီးတော့ အခန်းဖော်သူငယ်ချင်းနဲ့ ရောက်တက်ရာရာလေထိုင်ပေး
တယ်..နေ့ လည်စာကို ၂နာရီလောက်မှစားဖြစ်တယ် ထမင်းကသိပ်စားမကောင်း
တော့ဘူး မနက်ကကော်ဖီသောက်ထားလို့ ရင်တုန်နေတယ်လေ… ကျွန်မက
ကော်ဖီသောက်ရင် တခါတလေ ရင်တုန်တယ်..ဒါပေမယ့် အလွယ်တကူရနိုင်လို့ 
သူ့ ကို ရန်သူလိုသဘောမထားရဲပါဘူးရှင် (ဒါလည်းသူ့ ခေတ်ကိုး)



ထမင်းစားပြီးတော့ယောင်ချာချာဖြစ်နေမယ့်ကိုယ့် ကိုကိုယ်သနားလို့ အိပ်ပြီး
အ နားယူသင့်တယ်လို့ အကြံညဏ်ပေးတော့ (ပျင်းတာကိုလူမသိစေချင်လို့ ပါ)
ဒါမျိုး ဆိုရင် အရင်ဆုံးနာခံလွယ်တဲ့မျက်ခွံ ၂ ခုကအမြန်ဆုံးပဲထောက်ခံကြပါ
ရောလား..သူပြီးတော့ မျက်လုံးတစ်စုံက မခိုင်းရပါပဲနဲ့ အိပ်ရာပေါ်ကို သံလိုက်နဲ့ 
အဆွဲခံရသလို ရောက်သွားတယ်………………………..
ချက်ခြင်းပဲ.. မျက်ခွံတွေကစိတ်ညစ်ကုန်တယ် မျက်လုံးတွေကလည်း အိပ်ရာက
နေအကြည့်ကိုလွှဲသွားကြတယ်…. သူတို့ နှစ်ဦးစလုံးကျွန်မရဲ့ စိတ်နဲ့ ထပ်တူကျ
နေပြီနဲ့ တူတယ်.. ကျွန်မဒီ ကုတင်နဲ့ မွှေ့ ယာမှာအိပ်ချင်စိတ်ကုန်နေတာ ကြာလှ
ပြီ…ကျွန်မ ကသင်ဖြူးဖျာ (ဧရာဝတီတိုင်းကထွက်တာ) လေးနဲ့ အေးအေးလေး
အိပ်ချင်တာ.. .


အိမ်မှာဆိုရင် နေ့ လည်အားတဲ့ နေ့ ဆိုရင်(နေသာတဲ့နေ့ ) အိမ်ရဲ့ လေဝင်လေ
ထွက်ကောင်းတဲ့နေရာလေးမှာ သင်ဖြူးလေးခင်း ခေါင်းအုံးတစ်လုံး စောင်ပါး
လေး တစ်ထည်နဲ့ …… ဟိုလူး ဒီလှိမ့် .. အိပ်နေကျလေ.. သဘာဝလေ လေး
ကလည်း တဖြူးဖြူးနဲ့ ဆိုတော့ …….( အမေ.. သမီးခဏလေးပဲဖြစ်ဖြစ် ပြန်လာ
ပြီး အဲ့ဒီလိုလေး တရေးလောက်အိပ်ပါရစေ အမေ ခဏလေးပဲဖြစ်ဖြစ်နော် အမေ……အမေ့ဘေးလေးမှာလေ… နော် အမေ)


စင်္ကာပူရောက်ပြီးတမ်းတမိသမျှထဲမှာသင်ဖြူးဖျာလေးလည်းပါတယ်………..
စာမေးပွဲတွင်း ကဆိုရင် စာထိုင်ကျက်ရလို့ အရမ်းညောင်းလာတဲ့အချိန်မှာကုတင်
ပေါ်သွားပြီးအညောင်းဖြေရတယ်(ကျောဆန့် တယ်ဆိုပါတော့) အဲ့ဒီတုန်းကအ
ခန်းဖော်ကိုတောင်ပြောမိသေးတယ်…‘‘သူငယ်ချင်းရယ်.. ငါဒီကြွေပြားခင်းထား
တဲ့သံမန်တလင်းပေါ်မှာပဲလူးလိမ့်လိုက်ချင်တော့တယ်……’’
‘‘ ဟာ.. နင်ကလည်းလူတကာ ခြေထောက်တွေနဲ့ နင်းထားတဲ့နေရာကြီးကို….’’
‘‘ ငါအိမ်ကိုသင်ဖြူးဖျာ ပြန်မှာရင်ကောင်းမလားဟင် … ငါ.. ငါ့ကုတင်နားကို သွား
တောင်မသွားချင်တော့ဘူး (စာကျက်တာက မီးဖိုခန်းထဲမှာလေ) ’’
‘‘ နင်ဟာလေ.. ကုတင်နဲ့ အိပ်ရတာကိုပဲ.. ဖျာပြန်မှာချင်နေသေးတယ်…. နောက်ပြီးနင့်လူကြုံကရောဖျာကိုသယ်လာပေးပမလားဟ ’’
ကျွန်မဆက်မပြောတော့ပါဘူး အိမ်ပြန်မှာရင်လည်းလူကြုံက ဖျာကိုဘယ်သယ်
လာပေးလိမ့်မလဲနော်.. အစားအသောက်တောင် အများကြီးလူကြုံထည့်လို့ 
မကောင်းတာ… သေချာတာတစ်ခုကတော့ ကျွန်မဒီကုတင်နဲ့ မွှေ့ ယာကို တော်
တော်အမြင်ကတ်နေပြီဆိုတာပါပဲ…….



စိတ်ကူးတွေကိုရွက်လွှင့်ပြီးအိမ်ချည်းပြန်ခိုင်းနေတာနဲ့ ပဲ ဒီနေ့ လယ်တော့ အိပ်ရ
တော့မှာမဟုတ်တော့ပါဘူး……..အပြင်ကလည်းသွားစရာမရှိ (မသွားတာပါ ပိုက်
ဆံကုန်မှာစိုးလို့ )
ကဲကဲ…. မွှေ့ ယာအပေါ်အမြင်ကတ်နေတဲ့စိတ်ကိုကြိုးစားဖျောက်ပြီးတော့ မျက်ခွံ
နဲ့ မျက်လုံးလေးများရေ…….ငါတို့ အနားယူကြပါစို့ ဟာ… ဒီနေ့ လေးပဲနေ့ လယ်
အနားယူခွင့်ရှိတာ..အခွင့်ရေးကိုလက်လွတ်မခံပဲ ငါ့ရဲ့ ရွှေရောင်မလွှမ်းတဲ့ ကုတင်
နန်းထက်မှာ ငါ့ရဲ့ တရားလွန်အလွမ်းတွေနဲ့  ကမ္ဘာလောကကြီးကို ခေတ္တခဏ
အဆက်သွယ်ဖြတ်ကြပါစို့ ရဲ့……………..

နေရီနွယ် (ခေတ္တစင်္ကာပူ)
20.07.08(Sunday)
3:44 PM

လွမ်းခွင့်လေးပေးပါ

သူငယ်ချင်းသို့ ……………………………………
လွမ်းခွင့်လေးပေးပါ
ဒီနေ့ တော.အလွမ်းတွေမထိမ်းနိုင်တော.လို.စာရွက်ပေါ်မှာချရေးလိုက်တယ်
စဉ်းစားကြည့်ပါအုံးဟာ…..ဒီနေ့  class ရှိလို့ ..၇ နာရီ မှာ အိပ်ရာကထပါတယ်
မိုးနတ်မင်းကြီးကလူကိုကျီစယ်ဖို့ များစောင့် နေလားမသိပါဘူး…………..
အခန်းထဲမှာမှောင်နေပြီး အပြင်မှာတော့ဝေဝါးနေတာပဲ ဒါနဲ့ ပဲ…ရေချိုး ..
breakfast စားပြီးကျောင်းသွားဖို့ ပြင်……lift.ကထွက်လိုက်တာနဲ့  ၉ လွှာကို
ပြန်တက်ပြီးအခန်းအောင်းချင်စိတ်တွေပေါ်လာတယ်…..မိုးလေးကတဖွဲဖွဲနဲ့ 
ဆွေနေပြီး..လေကလဲပေါ့တိပေါ့ပျက်တိုက်နေသေးတယ်….


မျက်လုံးထဲမှာ..
ဘယ်လိုဖြစ်သွားမှန်းမသိဘူး….ဘာမှမမြင်ရပဲ…လောကကြီးပိုပြီးဝေဝါးသွား
တယ်…သိလိုက်ရတဲ့အချိန်မှာတော့..အော်…မျက်ရည်တွေပါလား………….
ငါတို့ မြန်မာမိန်းကလေး တွေကိုက စိတ်ဓါတ်ပျော့ညံ့တယ် ထင်တယ်နော်
ဟုတ်ပါတယ်လေ… ဟိုတွေးဒီငေးနဲ. MRT ကိုသွား……………………….
ငါ့ရဲ့ ပုံမှန်လုပ်နေကျအတိုင်း…….သူများကိုမပြောပြချင်တဲ့ငါ့ရဲ့စိတ်ခံစားချက်
တွေကို…သူငယ်ချင်းတစ်ယောက်ကိုစိတ်ထဲမှာထည့်ပြီး..သူ့ ကိုအကုန်ပြောပြ
နေလိုက်တယ်…ရင်ထဲမှာပေါ့သလိုလိုတော့ရှိသွားတယ်….နင်သိလား…
ရင်ထဲကခံစားချက်တွေကို ထုတ်ပြောရတာ ဆားမပါတဲ့ဟင်းကို စားရသလို
ခံစားရတယ်… ဒါပေမယ့်….လူတစ်ကိုယ်စိတ်တစ်မျိုးပါလေ……….


MRT ကိုသွားတဲ့လမ်းကလေးကတော့…. မိုးရွာလို့ ထင်တယ်..လူသွားလူလာ
ရှင်းနေတာပဲ အဲ့ဒါက ပိုပြီး…လွမ်းဆွေးမူ့ ကိုတွန်းအားပေးနေသလိုလို…….
MRT ပေါ်ရောက်ပြန်တော့လည်း….မိုးအေးတာလား…ဖန်တီးထားတဲ့ Aircon
ကအေး တာလား……….ဟင့်အင်း…မိုးအေးတာပါ..ခံစားချက်ကိုအတင်း
ဆွဲထားလိုက်တယ်..ရထားပေါ်ကနေ အပြင်ဘက်ကိုမကြည့်မိအောင်
သတိထားနေလိုက်တယ်..ကြည့်မိရင်…ရန်ကုန်- မော်လမြိုင် ကားလမ်းလေး
ပိုအသက်ဝင် နေမှာကိုသိနေလို့ လေ..ဆုတောင်းမိလိုက်သေးတယ်……
ဆုတောင်းပြည့်ရင်..အဖေနဲ့  အမေ ရှိ တဲ့အိမ်လေးကို ခဏပြန်ရောက်ပြီး…
အမေ့ရင်ငွေ့ နွေးနွေးလေးများ..ခိုလှုံခွင့်ရမလားပဲ ဟာ..


ဟင်…ငါဘာတွေ တွေးနေတာလဲ…မရတာကိုသွားမျော်နဲ့ …နင် SG လာတာ
လွမ်းဖို့ ဆွေးဖို့ မဟုတ်ဘူး…ပညာတွေပိုတက်ဖို့ …မရနိုင်တာကိုသွားမတောင့်
တနဲ့ ..သိစိတ်လေးက ဒီလိုဆုံးမတော့….ခဏတော့ငါ့ရဲ့ စိတ်တွေ ငြိမ်သွားတယ်
..ဒါပေမယ့်ကြာကြာမခံပါဘူးဟာ…ကိုယ့်ကို ကိုယ် ပြန်ဆုံးမမိလို့ များလားမသိ
ဘူး..မျက်ရည်တွေဝိုင်းလာပြန်ရောဟာ…လွမ်းချင်လို့ လွမ်းမှာ ..မရဘူးလွမ်းမှာ
ပဲ….ငါ့ရဲ့ သိစိတ်ကိုပြန်ပြောလိုက်တယ်…သွားပြီ……သိစိတ်ကြီးရှုံးသွားပြီ……
ငါ့ရဲ့ အလွမ်းတွေကို အနိုင်ပေးလိုက်တယ်…
Class ပြီးပြီ….အိမ်ပြန်ပြီးစာရေးမယ် ..ငါ့ရဲ့ အလွမ်းလေးလဲဆက်အုံးမယ်…
Centre Point ကထွက်လိုက်တာနဲ့ ………..ဟာသွားပြီကွာ……………
ရင်ထဲက အလွမ်းအခန်းဆက်လေးရော မနက်ကဆွေနေတဲ့မိုးရော……
ကုန်ပြီကုန်ပြီ………..နေမင်းကြီးပါလား..........၃ နာရီပဲကြာသေးတယ်လေ
အော.်….လွမ်းချင်တာ တောင် ကောင်းကောင်းလွမ်းခွင့်မရတဲ. SG ပါလား….

နေရီနွယ်
ခေတ္တစင်္ကာပူ