Sunday, April 4, 2010

“ လွမ်းမိသော... ”

ကျွန်မ စာမရေးဖြစ်တာ တော်တော်လေးကြာသွားတယ် မရေးဖြစ်ရခြင်းရဲ့
အဓိက အကြောင်းကတော့ ကျွန်မရဲ့စကားအတိုင်း “ပျင်းလို့ ပါ”။ နောက်ပြီး
ခံစားချက်မပေါ်တာရယ် အကြောင်းရာ မတိုက်ဆိုင် တာရယ်ကြောင့်
စာမရေးဖြစ်ခြင်း ဖြစ်ပါတယ်။ ဒီနေ့ ကတော့ တိုက်ဆိုင်မှု့တွေ မများပါပဲနဲ့ 
စာအရမ်းရေးချင်လာလို့  ခံစားချက်တွေကို ရေးဖြစ်ခြင်းဖြစ်ပါတယ်။ ဒီနေ့ 
ကတော့ ကျွန်မနေထိုင်ရာ အရပ်ဒေသမှာ မိုးအေးသာယာတဲ့ တနင်္ဂနွေ နေ့ 
ဖြစ်ပါတယ်။ မနက် ၁၀ နာရီလောက်ထိ မိုးတွေရွာနေလေရဲ့လေ။
နေ့ လည်လောက်မှာတော့ မိုးကလုံးဝတိတ်သွားပြီး နေလည်းမပူပဲ
ချမ်းချမ်းအေးအေး လေးနဲ့ အတော်နေလို့ ကောင်းတဲ့ မိုးနေ့ လေးပါ။ ဒီပိုစ့်
(ခံစားချက်)ကို ရေးဖို့ စိတ်ကူးနေတာတော့ တပတ်လောက်ရှိပါပြီ။ အကြောင်းအရာ
ကတော့ အထွေအထူး မဟုတ်ပါဘူး။ အားနွဲ့ တဲ့ မိန်းမတစ်ယောက်ရဲ့
အိမ်ကိုလွမ်းတဲ့ရိုးရှင်းတဲ့ ခံစားချက်ပါ။ အထူးအဆန်းတော့ သိပ်မရှိဘူးပေါ့လေ။
ပထမ တော့ ရိုးရိုးပဲ အိမ်ကိုလွမ်းတယ်။ နောက်တော့ အိမ်ကလူအားလုံးကို
လွမ်းတယ်ပေါ့။ ပြီးတော့ တစ်ယောက်ချင်းစီရဲ့ အကြောင်းကို စဉ်းစားမိပြီး ပိုလွမ်းသွားတယ်။


“အဖေ”

မိသားစု ကိုအရမ်းချစ်တဲ့ ကျွန်မအဖေပါ။ အဖေက အမေ့ကိုတော်တော်လေး
ချစ်တယ်။ အကိုနဲ့  ကျွန်မ ဆိုရင် ကျွန်မကို ပိုချစ်မယ်ထင်ပါတယ်
(ကျွန်မလောဘ ကြီးတာထင်ပါရဲ့)။ ကျွန်မ အဖေက စိတ်ပျော့တယ်
စိတ်ပျော့တယ်ဆိုတာ အဖေကမျက်ရည် လွယ်တာကိုပြောတာပါ။ ဥပမာ -
ကိုရီးယားရုပ်ရှင် ထဲမှာ မိသားစု ဝမ်းနည်းခန်း ရောက်ရင် ကျွန်မအဖေ
အရင်ဆုံး မျက်ရည်ကျပါတယ်။ မြန်မာရုပ်ရှင် ဇတ်လမ်းကြည့်ရင်လည်း
မိဘမေတ္တာ အကြောင်းပါတဲ့ ရုပ်ရှင်တွေဆို အဖေငိုတက်ပါတယ်။ တခါကတော့
ကျွန်မတတိယနှစ် ပထမပိုင်း စာမေးပွဲဖြေပြီးအိမ်ပြန်တုန်းက အဖေက
ကျွန်မကိုတအားလွမ်းလို့ တဲ့ ကျွန်မကို ကြည့်ပြီး အဖေမျက်ရည်ကျပါတယ်။
အဖေက ကျွန်မတို့ မောင်နှမတွေ ကိုတခါမှ မရိုက်ဖူးဘူး။ ကျွန်မက အကို့ ကို
အဖေမရိုက်ဖူးတဲ့ အကြောင်းကြုံလို့ ပြောပြတော့ သူငယ်ငယ်တုန်းကတော့ အဖေ
ကသူ့ ကို သူငယ်ချင်းတွေနဲ့  ငါးသွားဖမ်းလို့ တခါရိုက်ဖူးတယ်တဲ့။ အဖေက
မိသားစုနဲ့  မိတ်ဆွေယှဉ်ရင် မိတ်ဆွေကို ပိုပြီးဦးစားပေးပါတယ်။ တခါက
သင်္ကြန်မှာ ကျွန်မအကို အိမ်ကိုခဏပြန်လာတုန်းက တနေ့ ကျွန်မတို့ မိသားစု
ထမင်းစားခါနီး အဖေ့သူငယ်ချင်း ကအဖေ့ကို လာခေါ်ပါတယ်။ ကျွန်မအကိုက
ထိုဦးလေး ကြီးကို လုံးဝကြည့်လို့ မရပါ။ ဒါနဲ့ အကိုကထိုဦးလေးအရှေ့မှာ
အဖေ့ကိုဘာပြောလဲဆိုတော့ “အဖေ ကျွန်တော်က ၂ နှစ်လောက်
နေမှ တခါအဖေတို့ ဆီပြန်လာရတာပါ ခဏနေရင် ထမင်းစားရတော့မှာဆိုတော့
အဖေဒီဦးလေးနဲ့  မလိုက် သွားပါနဲ့  အဖေကျွန်တော့ကို ချစ်ရင်မလိုက်သွားပါနဲ့ ”
အကိုကအဖေ့ကို အဲ့ဒီလို ပြောနေချိန်မှာ အမေနဲ့  ကျွန်မကတော့ ပွဲကြည့်ပရိတ်
သတ်ပါ။ အကိုက ကျွန်မတို့ တွေနဲ့  သိပ်မနေရတော့ အဖေရဲ့စိတ်ကို သိပ်နား
မလည်ဘူးထင်ပါရဲ့။ အမေနဲ့  ကျွန်မကတော့ အကိုရှုံးမယ်ဆိုတာ အစထဲက
သိပြီးသားပါ။ ဒါနဲ့ အဖေက “သားရယ် အဖေခဏပဲ လိုက်သွားမှာပါ ခုချက်ခြင်း
ပြန်လာမယ် ထမင်းစားအမှီ ပြန်လာမှာပါ ခဏပါပဲ” လို့ အဖေက ပြောပေမယ့်
ကျွန်မအကိုကတော့ “ဟင့်အင်း” ချည်းပဲ တင်းခံနေတာလေ။ တော်တော်ဆိုး
တဲ့ကျွန်မအကိုပါ။ (အဲ့ဒီတုန်းက ကျွန်မအကို အသက် ၂၆ နှစ်ရှိပါပြီ) ဒါနဲ.
ကျွန်မက “ကိုကြီး အဖေ့ကိုအလျော့ပေးလိုက်ပါ အကိုလည်းစိတ်လျော့လိုက်ပါ
မဟုတ်ရင် အကိုပဲတအားစိတ်မကောင်း ဖြစ်သွားရလိမ့်မယ်လို့ ” ဝင်ပြောရတယ်။
ထိုဦးလေးကလည်း အားနာပြီး အဖေ့ကိုမလိုက်တော့ဖို့ ပြောပါတယ်။ ဒါပေမယ့်
အဖေအဲ့ဒီ့ဦးလေးကြီး နောက်လိုက်သွားပါတယ်။ ထမင်းစား အမှီလည်း
အဖေပြန်လာပါတယ်။ ဒါပေမယ့် ကျွန်မအကိုကတော့ တော်တော်စိတ်မကောင်း
ဖြစ်သွားပါတယ်။ အဖေလည်း စိတ်မကောင်းဖြစ်သွားမယ် ထင်ပါတယ်။
ကျွန်မအကိုကတော့ ဒီကိစ္စ ကိုခုထိ မေ့လို့ မရသေးဘူး သတိရတိုင်း
ပြန်ပြောနေဆဲပါ။ ဒါကြောင့် ဘယ်အရာမဆို ကိုယ်မရနိုင်ဘူးလို့ ထင်ရင်
အစောထဲက စွန့် လွှတ်ပြီး ကိုယ့်စိတ်ကို ထိန်းလိုက်မယ်
ဆိုရင် အရမ်းကြီး စိတ်ထိခိုက်ရမှာ မဟုတ်ပါဘူး မရနိုင်တဲ့ အရာကို တပ်မက်မှု့နဲ့ 
တအားဆုပ်ကိုင်ထားမယ်ဆိုရင်တော့ တကယ်တမ်းစွန့် လွှတ်ရတဲ့ အချိန်
မှာ ခံစားရတာက ဘာနဲ့ မှမတူအောင် နာကျင်ရတက်ပါတယ်။


“အမေ”

သားသမီး တွေကိုအရမ်းချစ်ပေမယ့် အမူရာနဲ့ ရော စကားနဲ့ ပါ မပြတက်တဲ့ကျွန်မ
အမေပါ။ အဖေနဲ့ တော့ မတူဘူးပေါ့နော်။ အကိုနဲ့ ကျွန်မဆိုရင် အကို့ ကို
ပိုချစ်တယ်လို့ ကျွန်မထင်ပါတယ် (ကျွန်မ မနာလိုတာ ဖြစ်မယ်ထင်ပါတယ်)။
ငယ်ငယ်တုန်းကတော့ မောင်လေးကို အမေပိုချစ်တယ်လို့  ထင်ခဲ့ပါတယ်။ ကျွန်မ
၅တန်း နှစ်ယောက်တော့ မောင်လေးဆုံးသွားပါတယ်။ သူက ၄ တန်းနှစ်လေ။
ခုဆို မောင်လေးဆုံးတာ ၁၀ စုနှစ် တခုကိုကျော်သွားပါပြီ။ ဒါပေမယ့် အားလုံးရဲ့
ရင်ထဲမှာ မောင်လေးကို သတိတရနဲ့  လွမ်းနေဆဲပါ။ ကျွန်မ အမေက
စကားတအား နဲတယ်။ အနေအေးပေမယ့် စိတ်ဓါတ် ကြံ့ခိုင်တဲ့ ကျွန်မအမေပါ။
အမေက အညာသူ အသားညိုညိုနဲ့ ချောပါတယ် အဖေက တော့မချောပါဘူး
အကိုနဲ့  ကျွန်မက အဖေနဲ့  တူပြီး ရုပ်ဆိုးပါတယ်။ အမေက တခြားအမျိုးသမီး
တွေလို ပန်းပင်စိုက်တာထက် စားပင်သီးပင် စိုက်တာကို ဝါသနာ ပိုပါတယ်။
ဗူးပင် ခရမ်းသီးပင်ကြက်ခင်းခါးပင် စသဖြင့် တခါတရံ အမေအပျင်းပြေ စိုက်ပါတယ်
ခုဆို သရက်ပင်တွေ အမေစိုက်ထားတာ ဘယ်နှစ်ပင် လောက်တောင်ရှိနေပြီလဲ
မသိဘူး။ တခါက အမေ ခြံထဲကို သန့် ရှင်းရေးလုပ်နေတုန်းမှာ ခွေးလေလွင့်
တကောင်က ကျွန်မတို့ ခြံနောက်ထဲ ကိုလာပြီး အီးအီး လာပါ ပါတယ်။ အဲ့ဒါကို
အမေက ခြံရှေ့ ကနေပြီးတော့ ခွေးကို ဘယ်လိုမောင်းထုတ်လဲဆိုတော့
“ဟိတ် ဒီခွေး နေဦး ငါ့ခြံထဲ အီးလာပါနေတယ် ဒီခွေးတော့ နေဦး….
ဟိတ် ခွေးသွားသွား.. ဒီခွေးတော့ နေဦး.. ဟိတ်ခွေး.. သွားသွား” ဆိုပြီးတော့
ခွေးကိုခဲသေးသေးလေး နဲ့ ခြောက်လှန့် ပြီးမောင်းထုတ်ပါတယ်။ ဒါနဲ့ ကျွန်မက
အမေ့ကို စချင်တာနဲ့  “အမေရယ် အမေလုပ်တာနဲ့  ခွေးခမျာ သွားပဲသွားရမှာလား
နေပဲနေရဦးမလား ဆိုတာတောင် ခွဲတက်တော့မှာ မဟုတ်ဘူး” လို့ အမေ့ကို
ိုပြောမိပါသေးတယ် … အမေက သူ့ စကားသူ ပြန်စဉ်းစားမိပြီး ရီနေပါသေးတယ်…


“အကို နဲ့  ကျွန်မ”

ကျွန်မတို့ မိသားစုမှာ အဖေနဲ့  အမေက တနိုင်ငံ ကျွန်မတို့ မောင်နှမနှစ်ယောက်က
တနိုင်ငံလေ။ အကိုနဲ့ ကျွန်မကလည်း တစ်လနေ လို့ တခါ လူချင်းမတွေ့ ဖြစ်ဘူး
ဖုန်းကတော့ဆက်ဖြစ်ပါတယ်။ ဒီလို ဝေးကွာ လွန်းတဲ့ မိသားစုဘဝမျိုး
ဘယ်တော့မှ မကြုံပါရစေနဲ့ လို့ လည်း အမြဲဆုတောင်းတယ်။ ဒီလို ဝေးပြီး
နေရတာကိုလည်း မကြိုက်ဘူး။ ကျွန်မတို့ နှစ်ယောက်က စိတ်ဓါတ်တွေ
ဝါသနာတွေ တော်တော်များများ တူတယ်။ ကျွန်မနဲ့  အကိုက အသက် ၅နှစ်
ကွာတယ် အကိုက ငယ်ငယ်ထဲက အဖွါးတွေနဲ့ 
တူတူနေရတယ်။ တခါတခါ သူအိမ်ကိုပြန်ပြီးလာ နေတဲ့ ရက်တွေမှာဆို
တပတ်ကို ၂ ခါလောက်မုန့် လုပ် စားဖြစ်တယ်။ မုန့် လုပ်ဖို့ အကြောင်းသူ
ကစပြီး ကျွန်မ ကိုပြောပြီဆိုရင် ကျွန်မက
“အနော်က မုန့် လုပ်ပေးမယ် ကိုကြီး ကအုန်းသီးခြစ်ပေး” ဆိုပြီး သူ့ ကို အုန်း
သီးခြစ်တဲ့ တာဝန်ခွဲပေးပါတယ်။ ကျွန်မတို့  မော်လမြိုင်က အိမ်တိုင်းနီးပါလောက်
အုန်းပင်ရှိတက်ပါတယ် ဒါကြောင့် ကျွန်မတို့ မြို့ က မုန့် တွေက အုန်းသီးကို
အဓိက အခြေခံပြီး လုပ်တဲ့ မုန့် တွေများပါတယ်။ ကျွန်မတို့ မြို့မှာက
ကိုယ့်အိမ်စားလောက် မုန့် လုပ်မယ်ဆိုရင် အုန်းသီးခြစ်တဲ့ စက်မှာ သွားမအပ်
တက်ကြ ပါဘူး။ အုန်းသီးခြောက်ကို ကိုယ်တိုင် ပေါက်(ခွဲ)ပြီး ကိုယ့်အိမ်က
ခြေနင်းဂျစ်နဲ့  ခြစ်ကြတာများပါတယ်။ ကျွန်မတို့ နှစ်ယောက် မုန့် လုပ်ရင်
လောဘကလည်း ကြီးပါတယ်။ ဘယ်တော့မှ နဲနဲ လေးမလုပ်ဘူး။
လုပ်ပြီးရင်လည်း စားလို့ ကုန်တယ်ရယ်လို့  မရှိဘူး။ ကျွန်မတို့ မုန့် လုပ်ပြီးရင်
အဓိက အားပေးတာက အဖွါးပါ။ အဖေနဲ့  အမေက အဖြစ်လောက်စားပါတယ်။
ကျွန်မတို့ နှစ်ယောက်ကတော့ ပင်ပန်းပြီး ထင်သလောက် မစားနိုင်တာများပါတယ်။
မုန့် တွေပိုနေပြီဆိုရင်တော့ နှစ်ယောက်သား မီးဖိုချောင်ထဲမှာ တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ပြီး ရီပါတယ်။ ပြီးရင် ဒီမုန့် တွေကို တလမ်းကျော်က
အမျိုးတွေအိမ်ကို သွားပို့ ရမယ်၊ မပို့ ခင် အမေ့ရဲ့ အဆူခံ မထိအောင် အမေ့ကို
နဲနဲသွားချွဲရမယ် ဆိုတာ တိုင်ပင်စရာ မလိုအောင်နှစ်ယောက်သား သိနေတယ်။
ဗိုက်အတင်းဆုံးစားပြီးလို့  ဘယ်လိုမှနောက်ထပ် မစားနိုင်တော့ဘူးဆိုတဲ့ အချိန်မှာ
ပိုနေတဲ့မုန့် တွေကို ချိုင့်တွေနဲ့ ထည့် ပြီးရင် တယောက်တမျိုးစီ ဆွဲပြီး
တော့ အမေ့ဆီသွားပါတယ်။ အမေ့ကိုမြင်တာနဲ့  ကျွန်မတို့ နှစ်ယောက်
မချိုမချည်မျက်နှာတွေနဲ့  အမေ့ကို အတင်းရီပြကြပါတယ် (အမေစိတ်ဆိုးနေရင်
အမေပြန်မရယ်မချင်း အတင်းရယ်ပြတက်တာ ကျွန်မ တို့ မောင်နှမတွေရဲ့
စတိုင်တခုလိုဖြစ်နေပါတယ်)။ ကျွန်မတို့ ရဲ့လက်ထဲမျာ ချိုင့်တွေနဲ့  ရီပြနေတဲ့
မျက်နှာ တွေနဲ့ ဆိုရင် အမေက သိနှင့်နေပြီ။ အဲ့ဒါဆို အမေကလည်း
ပြန်မရီပြပဲ မနေနိုင်ပါဘူး ပြီးရင် ခပ်ပြုံးပြုံး မျက်နှာနဲ့ ”အင်း…
မကုန်ပြန်ဘူးဟုတ်လား” စကားများများ မပြောတဲ့
ကျွန်မအမေရဲ့ စကားက ဒီလောက်ပါပဲ ကျွန်မတို့ ကသာ “ အဟဲ..
ဟုတ်တယ်အမေ.. ဟိုလေ အမျိုးတွေက လည်းစားချင်ကြမှာပေါ့နော် သူတို့ က
သမီးတို့ အိမ်က မုန့် က စားလို့ ကောင်းတယ်လို့ ပြောတယ်…. ခုလည်း
ဘယ်လိုသိသွားလဲ မသိဘူး စားချင်တယ်လို့ ပြောလို့ .. အဲ့ဒါလေ…”
စသဖြင့် အမေ့ကို ရွှမ်းရွှမ်းဝေအောင်ပြောပြီး အမျိုးတွေ
အိမ်ကို နှစ်ယောက်သား ချိုင့် တွေနဲ့ ချီတက်ကြပါတယ်။

1 comment:

စိတ်၏ဖြေရာ said...

ညီမလေးတို့မိသားစုကပျော်စရာကြီးနော်။
ဒီခေတ်မှာတော့မိသားစုအားလံုးအတူတူနေနိုင်
ကြတာကအရှားသားလား။ဘ၀တူတွေပါဘဲ
ညီမရယ်။